အပြစ်မဲ့ ချစ်ခြင်းတရား
YOUTH MAGAZINE Vol;9,No12 , December 2014
မိတ္ထီလာကန်ဝယ်...♪..♪..ဖားကောက်ခဲ့ပါ့ကွယ်..♪..♪..ဗျိုင်းရှေ့ ကပျံကာပျံကာရယ်.♪..♪.. မိုးစုန်းစုန်းချုပ်ပေါ့..သမီးငယ်ရယ်...♪..♪...အိပ်ပါတော့ကွယ်..♪..♪..ကြောင်ကြီးကိုက်လိမ့်မယ်...♪..♪..အိပ်ယာကနိုးရင်.♪..♪..ကျောင်းသွားရဦးမယ်..♪..♪..မျက်စိမှိတ်ထားကွယ်..♪..♪..အိပ်မက်လှလှမက်စေဖွယ်..♪..♪..♪..
အမေ့ခြေရာနင်းမယ်..♪..♪..အလှကြိုက်တဲ့သမီးငယ်ရယ်...♪..♪..သမီးကျောင်းသွားချိန်မှာပန်စရာ..♪..♪..ပန်းလှလှလေးခူးပေးမယ်ကွယ်..♪..♪..ပါးကွက်ကွက်ပေးမယ်..♪..♪.နေတစ်ဖက်လတစ်ဖက်လို...♪..♪...ပါးပေါ်တင်ထားတဲ့ဝလုံးဝိုင်းဝိုင်းလေးလို..♪..♪..သမီးလေးရေးတတ်အောင်..♪..♪..စောစောကျောင်းသွားဖို့အိပ်ပါကွယ်...♪..♪..♪
လသားအရွယ်ကလေးလေးအား ရင်ခွင်ထဲတွင် ထွေးပိုက်ကာချော့မြူနေသူ မိန်းကလေးတစ်ယောက် ။ သူမနာမည်က ကြည်ပြာ ။ ချော့မြူနေသော တေးသံသာအောက်မှာ အနှီးလေးနှင့် ထွေးလျက်သား ရှိနေသည်က ခြောက်လသားအရွယ် ဖြူဖြူကစ်ကစ်နှင့် ။ အလွန်ချစ်စဖွယ် ကောင်းလှသော သမီးငယ်လေးတစ်ဦး ။ သမီးလေးကို တေးဆိုချော့မြူနေသော ကြည်ပြာတစ်ယောက် သားချော့တေးအား ထပ်ကာထပ်ကာ မမောနိုင်အောင် သီဆိုနေလေ၏ ။ ရင်ခွင်ထဲမှ သမီးငယ်လေးသည် မှိတ်ရမည့်အစား မျက်လုံးအစုံကို အစွမ်းကုန် ပြူးထားလေ၏ ။ သမီး၏ လက်သေးသေးလေးများက ကြည်ပြာမျက်နှာအား ပွတ်သပ် ဆော့ကစား နေကြပြန်သည် ။ အိပ်ပါတော့သမီးလေးရယ် စိတ်ထဲမှ အခါခါ ပြောနေမိသည် ။
တေးသီချင်းကို နားဆင်နေရင်း တဖြည်းဖြည်း အိပ်ပျော်သွားသည့် သမီးငယ်အား အိပ်ရာပေါ်သို့ အသာလေးချလိုက်သည် ။ နှစ်ခြိုက်စွာအိပ်မောကျနေသည့် သမီးလေးကို ငုံ့မိုးကြည့်နေရင်း ကြည်ပြာမျက်ဝန်းအစုံတို့ ရီဝေလာကြသည် ။ သမီးလေးမျက်နှာဖြင့် ခပ်ဆင်ဆင်တူသော အမျိုးသားတစ်ဦး၏ပုံရိပ်များသည် ကြည်ပြာမျက်လုံးအိမ်ထဲပုံပေါ်ထင်ဟပ်လာ၏ ။ သမီးလေး ကိုယ်ဝန်ရှိပြီဆိုတာသိလိုက်ရသည့်အချိန်မှစ၍ ကြည်ပြာဘေးကနေ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့သူ။ရံဖန်ရံခါ၌ ကြည်ပြာအသိစိတ်ထဲသို့ သူရောက်လာတတ်၏ ။ တွေးရင်းငေးရင်းအတိတ်၏ ပုံရိပ်လွှာတို့သည် ရုပ်ရှင်တစ်ကားနှယ် ပြန်လည်၍ စီစဉ်တကျ ပုံပေါ်လာကြလေ၏ ။
အိမ်တွင် မည်သူမှမရှိသောနေ့လည်နေ့ခင်းများတွင် ကြည်ပြာဆီသို့ သူရောက်ရောက်လာတတ်၏ ။ ကြည်ပြာ၏အထီကျန်အချိန်များကို သူ၏စကားသံချိုချိုများဖြင့် ကုစားပေးတတ်သည်။ သူသည် လူချောတစ်ယောက် မဟုတ်သော်လည်း ကြည့်ကောင်းသူ တစ်ယောက်ပင် ။စကားလုံးချိုချို လေးတွေကိုရွေးချယ်၍ ပြောတတ်သူ ။ သူစကားပြောနေတာကို နားထောင်မိသည့်အချိန်တိုင်း ကြည်ပြာမှာတအံ့တသြ ငေးကြည့်နေခဲ့ရတာ ချည်းပါပဲ ။ကြည်ပြာအနားကို သူရောက်လာသည်နှင့် အလိုလိုနေရင်း ကြည်ပြာနှလုံးသားတွေဆူပွက်လာတတ်၏ ။ မည်သူ့ကိုမှ ချစ်ရကောင်းမှန်း မသိခဲ့သောကြည်ပြာကို ချစ်တတ်လာအောင် သူပဲသင်ပေးခဲ့သည် ။ သူနှင့် စကားပြောရင်း အတိုင်းအတာ တစ်ခုထိတိုင်အောင် ကြည်ပြာတို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြလေသည် ။
သူ၏လှည့်ကွက်တွေကို မသိနားမလည်ခဲ့သော ကြည်ပြာတစ်ယောက် သူ့အားရိုးသားစွာဖြင့် မြတ်နိုးတွယ်တာမိခဲ့ပါသည်။ သို့သော် သူကတော့ရသမျှအခွင့်ရေးကို လက်မလွှတ်တမ်း အသုံးချသွားခဲ့လေသည်။သူမျက်လုံးများသည် အပြစ်ကင်းစင်သည့် သမီးငယ်၏ မျက်လုံးများဖြင့် တူညီသည် ။ မတူညီသည်က သူသည် အင်မတန်ကောက်ကျစ်သော သူတစ်ယောက်ဖြစ်၏ ။
သူနှင့် တွေ့ဆုံချိန်တိုင်း သူ့အားပြူးကြောင်ကြောင် ကြည့်နေတတ်သည့် ကြည်ပြာအား ချိုမြိန်သော စကားပေါင်းများစွာကိုသူဆိုခဲ့ဖူး၏။ သူ့အပေါ်၌ မျှော်လင့်ချက်ဆိုသောအရာ ထားရကောင်းမှန်း မသိခဲ့သော သူတစ်ယောက်ဆီကမှ ရနိုင်သမျှ အကုန်ယူ၍ သွားခဲ့ပါတော့သည် ။ သူဆန္ဒတွေ ပြည့်ဝချိန်တွင် ကြည်ပြာ၏၀မ်းကြာတိုက်ထဲ၌ သမီးဟူသောရင်သွေးရတနာလေး ရောက်ရှိနေခဲ့ပါပြီ ။ ကြည်ပြာနှလုံးသား၏ စင်ကြယ်သော ချစ်ခြင်းတွေသည် သူ့လိုအင်ဆန္ဒ တစ်ခုအတွက် ခုတုံးလုပ်အသုံးချသွားခြင်းကိုခံလိုက်ရလေသည် ။ ထိုအချိန်မှစ၍ ကြည်ပြာ့ဘ၀ထဲမှ သူဆိုသော လူသားတစ်ယောက် ပျောက်ချင်းမလှ ပျေက်သွားခဲ့လေတော့သည် ။
သမီးလေး၏ ဖေဖေသည် ဘယ်ဆီကို ရောက်သွားမှန်း မသိတော့ပေ ။ အိမ်ရှိလူသားတို့သည် ဘ၀အတွက် လှုပ်ရှားရုန်းကန်နေရသူတွေမို့ ကြည်ပြာအခြေအနေကို မသိခဲ့ကြပေ ။ တဖြည်းဖြည်း စူတူတူဖြစ်လာသည့် ၀မ်းဗိုက်လေးအား သတိထားမိချိန်ကြမှ အဘ၊အမနှင့်မမကြီးတို့ ရင်ဘတ်စည်တီး ဖြစ်ကြပါတော့သည် ။
တခါတရံ၌ ကြည်ပြာသည် ထိုသူကို သတိရနေမိသည် ။ ယခုလည်း သမီးကိုကြည့်နေရင်း သမီးနှင့်ဆင်သော သူ့အားသတိရနေမိပြန်ပြီ ။ သူသည် ကြည်ပြာဘ၀ထဲသို့ ခေတ္တအလည်လာခဲ့သော ဧည့်သည်တစ်ဦးပင် ။ လာခြင်းကောင်းသည့်ဧည့်သည်မျိုးတော့မဟုတ်ခဲ့ပေ ။ ကမ္ဘာမြေကြီး၏ တစ်ခုသော နေရာတစ်ခုတွင် သူရှိနေမည်။ နောက်ထပ် အမျိုးကောင်း မိန်းကလေး တွေအား ရှာဖွေ၍ အသုံးချနေဦးမည်ထင်သည် ။ တွေးရင်း ကြည်ပြာရင်တွေပူလောင်လာသည် ။ စိတ်တွေ ရှုပ်ထွေးနောက်ကျိလာ၏ ။ စိတ်သည် လေဟာနယ်တစ်ခုထဲသို့ ရုတ်ချည်း ရောက်ရှိ သွားလေသည် ။
ထိုလေဟာနယ်ထဲတွင် သမီးလေးလည်းရှိနေသည် ။ စိမ်းလန်းစိုပြေနေသည့် စပါးပင်တွေလည်း ရှိနေကြသည် ။ စိမ်းစိုနေသည့်စပါးပင်တွေအကြား သမီးလေးကလဲလျောင်းချလိုက်လေ၏ ။ ပြီးနောက် တခစ်ခစ်နှင့်ရယ်မောနေပြန်သည်။စပါးပင်တွေအကြား သမီးလေးနည်းတူ ပြေးလွှားနေရင်း သမီးအနားတွင်ထိုင်ချလိုက်သည်။အပြုံးချိုချိုများဖြင့် အလွန်ချစ်စရာ ကောင်းနေသော သမီး၏မျက်နှာ လေးအား ငုံ့မိုးကြည့်နေရင်း အနားရှိ စပါးပင်လေးတစ်ပင်အား ဆွဲနုတ် လိုက်လေသည်။ ထိုနောက် လက်ထဲပါလာသောစပါးပင်လေးဖြင့် သမီးမျက်နှာလေးအား ကလူကျီစယ်နေမိပါ၏ ။ တခစ်ခစ် ရယ်မောနေသည့် သမီးလေး၏ခန္ဓာကိုယ်အနှံ့ပြားအား ထိုစပါးပင်လေးဖြင့် တို့ထိကစားနေမိသည် ။
“ဟဲ့ ကြည်ပြာကလေးကိုဘာလုပ်နေတာလဲ ။ အောင်မလေးကိုယ်ကျိုးတော့ နည်းပါပြီတော် ”
ရုတ်တရက်ထွက်ပေါ်လာသော မမအသံသည် ကြည်ပြာ၏အတွေးအိမ်မက်အားလုံးအား ပုတ်နိုးလိုက်ပါတော့သည် ။ ကြည်ပြာတစ်ယောက် အိပ်မက်မက်နေရာမှ နိုးလာသည့် သူတစ်ဦးပမာ ဖြစ်နေခဲ့၏ ။ မမသည် အခန်းပေါက်ဝမှ ကြည်ပြာဆီ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ချက်ချင်းရောက်လာ၏။အိပ်ယာပေါ်တွင်ရှိနေသော အဖြစ်အပျက်တို့ကို တွေ့လိုက်ပြီးလျှင် အသံကုန် အော်လေတော့သည် ။
“ အောင်မလေးလာကြပါအုံးတော် ။ ကိုယ်ကျိုးတွေ နည်းကုန်ပါပြီ ။ အဘတို့ အမတို့ရေ ။ လာကြပါအုံးတော့ ။ လာကြပါအုံး ”
မမ အော်သံကြောင့် ကြည်ပြာတို့ အိမ်ခန်းလေးထဲသို့ လူအများစုဝေး ရောက်ရှိလာကြ၏ ။ လူတွေကိုကြည့်လိုက် အစ်မကိုကြည့်လိုက်ဖြင့် ကြည်ပြာတစ်ယောက် ကြောင်ကြောင်တောင်တောင် ဖြစ်နေသည် ။ ထိုအချိန်တွင် ကြည်ပြာအသိထဲ ဖျက်ခနဲအလင်းလေးတစ်ချက် ဖြာသွား၏ ။ ထိုအလင်းနဲ့အတူ အသိတွေ ပြန်လည်၍ နိုးထလာကြပါသည် ။ အသိရဲ့ လှုံဆော်မှု့ကြောင့် ချက်ချင်း သတိဝင်လာသည် ။ ဘာတွေ ဖြစ်နေကြတာလဲ။ အနားရှိသမီးအားငုံ့ကြည့်လိုက်စဉ် သူမတစ်ကိုယ်လုံး ယိုင်ကျသွားလေသည် ။ သတိပြန်လည်ချိန်၌် ကြည်ပြာနှုတ်ဖျားမှ တစ်တွတ်တွတ် ရေရွတ်နေမိ သည်မှာ-
“ ဟင့်အင်းမဟုတ်ဘူး ။ ကြည်ပြာ စပါးပင်လေးနဲ့ သမီးကိုစနေတာ ။ ဟုတ်တယ် စပါးပင်လေးနဲ့ စနေခဲ့တာပါ ။ သမီးလေးကတောင် ရယ်မောလို့ ပျော်နေခဲ့တာပါ ”
သည်စကားကိုသာ အထပ်ထပ်ရေရွတ်နေပါတော့၏ ။ ငြိမ်သက်ကာ အသက်ကင်းမဲ့နေပြီဖြစ်သည့် သမီးငယ်၏ခန္ဓာကိုယ်လေးကို ထွေးပိုက်ရင်း ရယ်လိုက်ငိုလိုက်ဖြစ်နေပါတော့သည် ။ ကြည်ပြာ လက်တွင်း၌ ရှိနေသောကလေး၏အလောင်းအား မနည်းပြန်တောင်းယူကြရလေသည် ။ ထိုအချိန်မှ စတင်၍ ကြည်ပြာတစ်ယောက်အသိလုံးဝမရှိတော့ဘဲ အရူးမလေးလုံးလုံး ဖြစ်သွားပါတော့၏ ။ ကြည်ပြာစိတ်ထဲတွင်ရှိနေသည့်က သားချော့တေးလေးတစ်ပုဒ် ။ အထပ်ထပ်ရှင်းပြနေသည့် စကားစုလေးတစ်စု ။ ဆိုးရွားလာသည့် ကြည်ပြာအခြေနေကြောင့် သမီးနာရေးမပြီးခင်မှာပင် မြို့၌ရှိသော စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ထားလိုက်ရပါတော့သည် ။
****************************************************
လူအများ၏ ရင်ထုမနာစကားသံတွေအောက်တွင် ကျင်းပပြုလုပ်နေသည့် ဈာပနအခမ်းနားတစ်ခု ။ ကလေးတစ်ယောက်၏ နောက်ဆုံးခရီးသို့လိုက်၍ ပို့ဆောင်ကြသော နာရေးလာသူတို့၏ နှုတ်ဖျားဆီမှ ပွင့်အံ့ကျလာသည့် ကရုဏာစကားသံတို့သည် ကျန်ရစ်သူအဘိုး၊အဘွား နှင့် အဒေါ်ဖြစ်သူတို့မှာ ဖြေဆည်၍မရနိုင်အောင် နာကျင်ခံစားကြရလေတော့သည် ။
“ ကလေးလေးကသနားပါတယ် ဟယ် ။ အမေလုပ်သူကလည်း နဂိုထဲကမှ ကျပ်ကမပြည့်ရှာပါဘူး ။ ဒီလိုမိန်းကလေးမျိုးကိုမှ အလစ်ချောင်းပြီး အခွင့်ကောင်းယူတဲ့သူမျိုးကရှိသေးတယ် ။ ကလေးလေးမွေးဖွားပြီးပြန်တော့ အသိကတချက်တချက်လွတ်လွတ်သွားလို့ အိမ်သားတွေခဗျာ အလှည့်နဲ့ စောင့်ကြည့်နေရတာ ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀တွေဆိုတော့လည်း အချိန်ပြည့် ဘယ်စောင့်ကြည့်နိုင်မလဲအေ။ခုတော့စောင့်မကြည့်နိုင်တဲ့ အချိန်ကလေးအတွင်းမှာ ဖြစ်ပျက်သွားတာ တွေက ရင်နာစရာကောင်းလိုက်တာ ”
“ဒါနဲ့ ကလေးက ဘယ်လိုဖြစ်ပြီး ဆုံးတာတုန်းဟဲ့ ”
“ပြန်ပြောရမှာတောင် ရင်ထဲမကောင်းပါဘူးအေ ။ ဒီလိုအေ့ ဒီလို ။ ကလေးအမေက ကလေးကို ချော့သိပ်နေရင်းက စိတ်တွေ လွှတ်ထွက်သွားတယ် တူပါတယ် ။ ကြည်ပြာစိတ်ထဲ သူ့သမီးလေးကို စပါးပင်လေးတွေနဲ့ ကလူကျီဆယ်နေတယ်လို့ထင်နေတာလေ ။ တကယ်တမ်းကြတော့ သူ့သမီးလေးကို ကြည်ပြာ စပါးပင်လေးနဲ့ စနေတာ မဟုတ်ဘူး ။ ကြည်ပြာကိုယ်တိုင် ဓားနဲ့မွှန်းနေခဲ့တာ ။ နောက်ဆုံး ကလေးအသက်မရှိတော့တဲ့အချိန်ကျမှ ကြည်ပြာအစ်မကပြန်ရောက်လာတယ် ။ဒီတော့ ဘာမှလုပ်လို့ မရတော့ဘူးပေါ့ဟာ ”
“အို !ကြားရတာရင်ထဲမကောင်းလိုက်တာတော် ။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေများပါလဲ ။ အခု ကလေးအမေကရော ”
“ကလေးအမေက ခုတော့သွက်သွက်ခါအောင် ရူးသွားရှာပါပြီအေ ။ သူ့အစ်မရောက်လာတော့ သူသတိတချက် ပြန်ဝင်လာသေးတယ် ။ သူ့သမီးလေးအဖြစ်ကိုလည်းတွေ့ရော စိတ်တွေဘယ်လိုမှ မထိန်းနိုင်ရှာတော့ဘူး ။ လုံးဝကို သွက်သွက်ခါသွားတော့တာပဲ ။ အခုတော့ စိတ်ကျန်းမာရေးဆေးရုံကို ပို့ထားလိုက်ရပြီလေ ”
“ အော် ဘ၀တွေ ဘ၀တွေ ။ လူဘောင်လောကရဲ့ ဆန်းကျယ်ပုံတွေထဲမှာကိုယ့် သမီးကိုပြန်သတ်မိတဲ့ အဖြစ်ကတော့ ဆန်းကျယ်တယ်ဆိုတာထက် သိပ်ရက်စက်တဲ့ အဖြစ်ဆိုးကြီးတစ်ခုပါပဲ ”
မိတ္ထီလာကန်ဝယ်...♪..♪..ဖားကောက်ခဲ့ပါ့ကွယ်..♪..♪..ဗျိုင်းရှေ့ ကပျံကာပျံကာရယ်.♪..♪.. မိုးစုန်းစုန်းချုပ်ပေါ့..သမီးငယ်ရယ်...♪..♪...အိပ်ပါတော့ကွယ်..♪..♪..ကြောင်ကြီးကိုက်လိမ့်မယ်...♪..♪..အိပ်ယာကနိုးရင်.♪..♪..ကျောင်းသွားရဦးမယ်..♪..♪..မျက်စိမှိတ်ထားကွယ်..♪..♪..အိပ်မက်လှလှမက်စေဖွယ်..♪..♪..♪..
အမေ့ခြေရာနင်းမယ်..♪..♪..အလှကြိုက်တဲ့သမီးငယ်ရယ်...♪..♪..သမီးကျောင်းသွားချိန်မှာပန်စရာ..♪..♪..ပန်းလှလှလေးခူးပေးမယ်ကွယ်..♪..♪..ပါးကွက်ကွက်ပေးမယ်..♪..♪.နေတစ်ဖက်လတစ်ဖက်လို...♪..♪...ပါးပေါ်တင်ထားတဲ့ဝလုံးဝိုင်းဝိုင်းလေးလို..♪..♪..သမီးလေးရေးတတ်အောင်..♪..♪..စောစောကျောင်းသွားဖို့အိပ်ပါကွယ်...♪..♪..♪
စိတ်ကျန်းမာရေးဆေးရုံ၏ အခန်းငယ်လေးတစ်ခုထဲ၌ အရုပ်မလေးတစ်ရုပ်ကိုပိုက်၍ သားချော့တေးတစ်ပုဒ်အား ဟန်ပါပါသီဆိုနေသူ မိန်းကလေးတစ်ဦး ။
“ဟင့်အင်း မဟုတ်ဘူး ။ ကြည်ပြာစပါးပင်လေးနဲ့သမီးကိုစနေတာ ။ ဟုတ်တယ် စပါးပင်လေးနဲ့ စနေခဲ့တာပါ ။ သမီးလေးကတောင် ရယ်မောလို့ပျော်နေခဲ့တာပါ ”
တတွတ်တွတ်လည်း ရှင်းပြနေပြန်သည် ။ ပြီးပြောနေရင်းကနေ ရင်ဘတ်စည်တီးဖြစ်ကာ ငိုယိုနေပြန်၏ ။
“အောင်မလေး သမီးလေးရေ ။ မေမေ့ဆီကိုပြန်လာခဲ့ပါ ။ သမီးကိုမေမေမသတ်ဘူး ။ သမီးကို မေမေ သတ်တာမဟုတ်ပါဘူး သမီးလေးရယ် ”
ပြောရင်းပါးပြင်ထက်တွင် မျက်ရည်များ တသွင်သွင် စီးကျလာပါတော့သည် ။ သဘာဝတရားကြီး၏လည်ပတ်မှု့ ၊ လှည့်စားမှု့တွေကြားမှာ သက်ရှိရှင်သန်နေကြရသော လူသားတစ်ဦး၏ဆန်းကျယ်သော ဖြစ်ရပ်ဆိုးကြီးအား ပိုင်ဆိုင်ထားရသည့် ကြည်ပြာဆိုသော မိန်းကလေးတစ်ဦး ။မိခင်တစ်ယောက်၏ မေတ္တာလက်အစုံအား လူသတ်လက်များအဖြစ်သို့် ဖန်တီးစေခဲ့သော ကံကြမ္မာ ။ သမီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရသော မိခင်တစ်ယောက်၏ ရှိက်ငင်သံတို့သည် ကြားရသူအပေါင်းအား ရင်ထုမနာဖြစ်စေခဲ့ရလေသည် ။ ဆိုးရွားလွန်းလှသည့် ကံကြမ္မာကိုပဲ အပြစ်တင်ရမည်လား ။ လူယုတ်မာ ထိုယောကျာ်းကိုပဲ အပြစ်တင်ရမည်လား ။ ကြည်ပြာ၏ အတိတ်ကံအကျိုးပေးကိုပဲ အပြစ်တင်ရမည်လား ဟူသော အတွေးပေါင်းစုံဖြင့်……………။

No comments:
Post a Comment