Friday, February 10, 2017

'' မိန်းမသားတစ်ယောက်၏တန်ဖိုး ''

''  မိန်းမသားတစ်ယောက်၏တန်ဖိုး    ''                

         

(၁)
         "ဟဲလို… ဟုတ်ပါတယ်။ 'နောင်ယွန်း သွေးပရဟိတ' အဖွဲ့ကပါ။ အေမိုင်းနပ်စ်သွေး တစ်ပုလင်းလား။ A minus နော်။ ရန်ကင်းကလေးဆေးရုံ ကလား။ ကလေးကရော ဘာရောဂါလဲ။ ဘယ်နေ့လိုတာလဲ။ အခုချက်ချင်းလား။ ဟုတ်ကဲ့ ခဏတော့ စောင့်ပါနော်။ ကျွန်မတို့ အဖွဲ့ကို ဖုန်းဆက်လိုက်ရင် သွေးမရဘူး ဆိုတာ မရှိစေရဘူး။ ကျွန်မတို့အဖွဲ့မှာ သွေးမရှိရင်တောင် တခြားအဖွဲ့တွေနဲ့ ရအောင်ချိတ်ပေးမယ်။ စိတ်အေးအေးသာ ထားပါရှင်။ ကျွန်မ နာရီဝက်အတွင်း ဒီနံပါတ်ကို ပြန်ဆက်ပေးပါ့မယ်။ လူနာနာမည်က… ခေတ်မြတ်နိုးဦး။ ဟုတ်ကဲ့ပါ"          

             ဖုန်းချပြီးသည်နှင့် သွေးအလှူရှင်စာရင်းစာအုပ်ကို ခပ်သွက်သွက်လှန်ပြီး အလှူရှင်တွေကိုရှာရ၏။အေမိုင်းနပ်စ်ဆိုသည့် သွေးအမျိုးအစား ကလည်း ခပ်ရှားရှား။ ညိုတို့အဖွဲ့အတွင်းမှာရှိသည့် အလှူရှင်အရေအတွက်ကပင် လက်ချိုးရေ၍ရသည်။ သည်ကြားထဲ ယခင်လှူထားသည့်ကာလ လေးလပြန်ပြည့်ပြီးသည့်သူတွေထဲမှ ပြန်ဆွဲထုတ်ရသည်ဆိုတော့ ပိုလို့တောင်ရှားလိုက်သည့်ဖြစ်ခြင်း။

                ဖြစ်ချင်တော့ လှူနိုင်သည့်သူတစ်ယောက်ကို တွေ့သည်။ ရင်တမမနှင့် ဖုန်းလှမ်းဆက်လိုက်တော့ အလှူရှင်ကလည်း  လာလှူပေးနိုင်သည်တဲ့။ လိုနေသည့်လူနာရှင်မပြောနှင့် သွေးတာဝန်ခံဖြစ်သည့် ညိုပင် ကြားကနေ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။

              လိုအပ်သည့်အချိန်မှာ ချက်ချင်းရှာလို့ရသည်က နည်းသည့်ကုသိုလ်ကံမဟုတ်ပေ။ သို့ပေမယ့်လည်း အလှူရှင် ကောင်မလေးက ရန်ကုန်မြို့တွင်းမှာနေသူမဟုတ်။ သည်တော့ သူနေသည့်သန်လျင်အထိလာခေါ်ပေးမည်ဟု ပြောလိုက်၏။ အားလုံးအဆင်ချောပြီဆိုတော့မှ သွေးတောင်းထားသည့် အလှူရှင်ဆီ အကြောင်းပြန်လိုက်သည်။ ဘယ်နှနာရီအတွင်း အရောက်လာနိုင်မည်ပေါ့။ မမြင်ဖူးသေးသည့် လူနာရှင်ကလည်း ဘယ်လောက်တောင် အလောကြီးနေသည်မသိ။ ဖုန်းထဲမှပင် ကျေးဇူးတွေ အထပ်ထပ်တင်နေသေးသည်။

          "ရန်ကင်းဆေးရုံကိုလား။ တာဝန်ခံက ဘယ်သူ့ကို လွှတ်မှာလဲ။ စိုးစိုးလား။ ဒါမှမဟုတ် မောင်ပဲ သွားရမလား"

         အနားမှာရှိနေသည့် ခင်ပွန်းသည် ကိုနောင်ယွန်းက တစ်စွန်းတစ်စ ကြားလိုက်ပုံရသည့်စကားကို ကောက်ပြီးမေးလာ၏။

            "စိုးစိုးက ခုတင်(၅၀၀)ကို ဘီသွေး (၂)လုံးနဲ့ ဆင်းသွားပြီလေ။ တခြားတာဝန်ခံတွေလည်း သူ့လမ်းကြောနဲ့သူပဲ။ ဒီတော့ တာဝန်ခံက မောင်နဲ့ညို တစ်ယောက်ယောက်တော့ သွားရတော့မှာပဲ။ သွေးအလှူရှင်ကောင်မလေးက သန်လျင်မှာ နေတာ။ အဲ့ဒီကို ညိုတို့ အရင်သွားခေါ်ပေးရမယ်။ အလှူရှင် ကောင်မလေးက ညို့ကို မမလိုက်လာမှာလားတဲ့ မေးနေတယ်။ ဒီတော့ ညိုပဲ သွားလိုက်မယ်လေ။ နော်  မောင်"

          သူ့ဆီကသဘောတူချက်ကို တောင်းကြည့်လိုက်တော့ အသာအယာပင်ခေါင်းညိတ်ပြ၏။

        "သဘောပါပဲဗျာ။ ဒါဆို ဒီနေ့အတွက် ညိုနဲ့မောင် ဂျူတီချင်း ချိန်းကြတာပေါ့။ ညိုက ပရဟိတသွားလုပ်။ မောင်က သမီးလေးကို ကျောင်းသွားကြို မယ်။ သမီးလေးကျောင်းလွှတ်ဖို့ အချိန်ကတော့ လိုသေးတယ်။ အဖွဲ့ကားကလည်း သူတို့နဲ့ပါသွားပြီဆိုတော့ မောင့်ကားနဲ့ပဲ သွားကြတာပေါ့။ ညို့တို့ကို ဆေးရုံအရင်ပို့ပေးခဲ့မယ်။ အပြန်ကျတော့ အဖွဲ့ကားကို ပတ်ပြီးကြိုခိုင်းလိုက်မယ်။ဟုတ်ပြီလား"

(၂)

           "အန်တီတို့မြေးအဖွားတွေက နယ်ကနေ ဒီမနက်မှ ရောက်လာ ကြတာ။ မြေးလေးအတွက် အရေးပေါ်သွေးလိုတယ် ဆိုတော့ ချက်ချင်းရှာ ကြတယ်။ ဒါပေမဲ့ ဘယ်လိုမှရှာမရဘူး။ ဘယ်လောက်ပေးရပေးရ ၀ယ်ပါမယ် ဆိုတာတောင် ၀ယ်မရဘူး။ သွေးအမျိုးအစားက အရမ်းရှားတယ်တဲ့။ မိတ်ဆွေ တစ်ယောက်ဆီ ကနေ ဆရာတို့အဖွဲ့ရဲ့ဖုန်းနံပါတ်ကိုရတော့ စိတ်တထင့်ထင့်နဲ့ ဆက်ကြည့်ရတာ။ ရမှရပါ့မလားလို့ပေါ့။ တခြားနှစ်ဖွဲ့ကို ဆက်ကြည့် တော့လည်း မရဘူးလေ။ ခုလိုလာလှူပေးကြတော့ ကျေးဇူးတင်လိုက်တာ။ ဆရာတို့အဖွဲ့သာမကူညီရင် အန်တီ့ မြေးမလေးတော့ ဒုက္ခများတော့မှာပဲ။ အန်တီ့ဘက်က ဆရာတို့၊ ဆရာမတို့ကို ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကျေးဇူးတုံ့ပြန်ပါ့မယ်။ အန်တီတို့ အတွက်က ကလေးအသက်ရှင်ဖို့သာ အဓိကပါ"

       လူနာရှင်ကလေးမလေး၏အဖွားဆိုသူက ညို့တို့ကိုမြင်သည်နှင့် ညို့လက်ကိုခပ်တင်းတင်းလေးဆုပ်ကိုင်ရင်း နှုတ်မှလည်း တဖွဖွ ပြောလာ၏။ ၀တ်ထားစားထားသည့်အနေအထားနှင့် စကား အသွားအလာကို အကဲခတ်ရသလောက်ကတော့ ပြည့်ပြည့်စုံစုံ အသိုင်းအ၀ိုင်းကပင် ဖြစ်လိမ့်မည်။ ညိုတို့ အတွက်ကတော့ ပြည့်စုံသည့်သူ ဟုတ်ဟုတ်မဟုတ်ဟုတ် အရေးမကြီးပါ။ အမှန်တကယ်လိုအပ်နေသည့်သူကို လှူပေးနိုင်လျှင်ပင် ညိုတို့ အဖွဲ့၏ ဦးတည်ချက်က ပြည့်မြောက်ပြီ။ ညိုတို့၏စေတနာက အထမြောက်ပါပြီ။

           "အေမိုင်းနပ်စ်ဟာ အရမ်းရှားတဲ့သွေးပါ။ အပြင်မှာဝယ်ရင် သွေးတစ်လုံးကို(၃) သိန်းအထိပေါက်တယ် အန်တီ။ ဒါတောင် လိုတဲ့အချိန်မှာ ချက်ချင်းဝယ်လို့ရဦးမှ။ သွေးပေးမယ့်သူကရှိဦးမှ။ ဒါက အန်တီသိအောင်သာ ပြောပြတာပါ။ ကျွန်မတို့ကိုတော့ တစ်ပြားမှပေးဖို့မလိုပါဘူး။ ကျွန်မတို့က ပရဟိတအဖွဲ့စစ်စစ်ပါ။ အဖွဲ့ဝင်တွေအားလုံးက တကယ်လိုနေတဲ့နေရာကို အရောက်သွားပြီး စေတနာသက်သက်နဲ့ လိုက်လှူပေးကြတာပါ။ ဒီလို လိုက်လှူတဲ့ ကားခနဲ့ဓါတ်ဆီဖိုးကိုလည်း အဖွဲ့ကပဲကျခံတာပါ။ လူနာရှင်တွေဆီက မတောင်းဘူး။

               အဖွဲ့ကို အလှူငွေလှူချင်တယ်ဆိုရင်တော့ ဖြတ်ပိုင်းနဲ့ စနစ်တကျလက်ခံပေးပါတယ်။ အဲ့ဒီလိုကလွဲရင်တော့ ကျွန်မတို့ကို ထွေထွေထူးထူး ကျေးဇူးတုံ့ပြန်တာမျိုးကို လုံးဝလက်မခံပါဘူး အန်တီ။ ကဲ… ဒါဆို သွေးလှူဖို့အတွက် အရင်ဆုံး သွေးလှူရှင်ကို သွေးပေါင်ချိန်ရမယ်။ သွေးစစ်ရမယ်။ ကျွန်မတို့နဲ့ လူနာရှင် တစ်ယောက်လောက်တော့ လိုက်ခဲ့ပေးပါ"

       အဖွဲ့အကြောင်းကို ခပ်တိုတိုရှင်းပြရင်း လာရင်းကိစ္စကို လောဆော်လိုက်၏။

       "ဒါဆို…သမီးပဲ လိုက်သွားလိုက်လေ။ မာမီ့ဒူးက လှေကား အတက်အဆင်း သိပ်မရဘူး။ မြေးလေးဘေးမှာ မာမီ နေခဲ့လိုက်မယ်"

          အဘွားဆိုသူကခေါင်းညိတ်ရင်း သူ့ဘေးမှာရှိနေသည့် သမီးဆိုသည့်သူကို လိုက်သွားရန်လှည့်ပြောလိုက်၏။ ညိုတို့နှင့်အတူ လိုက်လာသည့် ကလေး၏မိခင်ထိုအမျိုးသမီးလေးကတော့ အဖွားဆိုသူနှင့်ဆန့်ကျင်ဘက်ပင်။ ဟက်ဟက်ပက်ပက်မရှိရုံသာမက သိသိသာသာပင်နှုတ်ဆိတ်လွန်းနေ၏။ ကလေးငယ်ကို ပူပန်စိုးရိမ်နေသည့်စိတ်ကြောင့်လား၊ ပင်ကိုကပင် စကားနည်းသည့်သူလားတော့မသိ။ သို့ပေမယ့်လည်း ညို့ရင်ဘတ်မှာထိုးထားသည့် အဖွဲ့တံဆိပ်ရင်ထိုးလေးကို စူးစူးစိုက်စိုက်လေးကြည့်လိုက်၊ ညို့မျက်နှာကို မသိမသာလေး ခိုးကြည့်လိုက်နှင့်တော့လုပ်နေသည်။ သူ့အမူအရာက သာမာန်ထက်ပိုပြီး ထူးခြားနေသည်မို့  ညို့ အာရုံကလည်း သူ့ဆီဝဲ၀ဲသွား၏။

          "ပရဟိတနယ်ပယ်မှာတော့ ကိုနောင်ယွန်းက နာမည်ကြီးပဲ။ စံပြအိမ်ထောင်ရှင်လို့လည်း အပြောများကြတယ်။ လူကိုတော့ ဒီနေ့မှမြင်ဖူးတာ ပဲ။ သူ့လို အရမ်းအလုပ်များတဲ့သူက ကလေးကို ကိုယ်တိုင်သွားကြိုတာဆိုတော့ မိသားစုကိုလည်း သိပ်ဂရုစိုက်တယ် ထင်တယ်"

       ဆေးရုံမှပြန်ထွက်သွားသည့် ခင်ပွန်းသည်၏နောက်ကျောကို ကြည့်နေရာမှ လှည့်ကြည့်လိုက်မိတော့ အသံရှင်ကစောစောက တုံဏှိဘာဝေ လုပ်နေခဲ့သည့် ကလေးအမေအမျိုးသမီးလေးပါ။

      "ဟုတ်ပါတယ်။ မိသားစုကို သိပ်တန်ဖိုးထားတဲ့သူပါ။ ကျွန်မတို့ နှစ်ယောက်လုံးက ပရဟိတလုပ်နေကြတော့ အလုပ်ကတော့ များကြတယ်။ ဒါပေမဲ့ ဘယ်လောက်အလုပ်များများ ကျွန်မတို့နှစ်ယောက်မှာ အနည်းဆုံးတစ်ယောက်ကတော့ သမီးလေးအတွက် မဖြစ်မနေအချိန်ပေးကြတယ်။ ပရဟိတကို  လုပ်နေကြပေမဲ့ အတ္တဟိတကိုလည်း မစွန့်နိုင်ဘူးမဟုတ်လား။ ဒီတော့ မျှမျှတတလေးတော့ လုပ်ရတာပေါ့ရှင်။ ဒီနေ့က ကျွန်မက ဒီဘက်ကို တာဝန်ယူလိုက်တော့ သူက သမီးလေးဘက်သွားပေးတာလေ"

        "ကိုနောင်ယွန်းရဲ့အမျိုးသမီးက သိပ်ကံကောင်းတယ်လို့ ပြောနေကြ တာ။ မြန်မာဆန်ပေမယ့် ခေတ်နောက်မှာမကျန်ခဲ့ဘဲ ယောက်ျားနဲ့အတူတူ လက်တွဲပြီး ပရဟိတအလုပ်ကို လုပ်နိုင်တဲ့သူ လို့လည်း ကြားထားတာ။ လက်စသတ်တော့ မပုလဲညိုကိုး။ ဖြစ်နိုင်ပါတယ်။ မပုလဲညိုဆိုရင်တော့ ဖြစ်နိုင်ပါတယ်"

           ညို့ရင်ထိုးတံဆိပ်မှတဆင့် ညို့နာမည်ကို အလွယ်တကူ သိနိုင်သော်လည်း နောက်ဆက်တွဲမှတ်ချက်စကားကတော့ ထူးခြားလှသည်။ သူ့ စကားအရဆိုလျှင် ညို့ကို သူ သိနှင့်နေသလိုလို။

      သူ့ကို သေသေချာချာ အကဲခတ်လိုက်မိ၏။ ညို့ထက်တော့ (၄) (၅) နှစ်ခန့် ငယ်နိုင်သည်။ စေ့စေ့တွေး ကြည့်နေသော်လည်း အာရုံထဲမှာတော့ ရေးရေးလေးမျှပင် ပေါ်မလာပါ။ သည် နားလည်ရခက်သည့်ကောင်မလေးက ဘယ်သူလေးပါလိမ့်။

          "ကျွန်မတို့ချင်းတွေ့ဖူးကြလား။ စိတ်မရှိပါနဲ့နော်။  ညီမကို သိပ်မမှတ်မိဘူး"

         မယုတ်မလွန်လေးမေးလိုက်တော့ ခပ်ယဲ့ယဲ့အပြုံးလေးကို ဖျတ်ကနဲတွေ့လိုက်ရ၏။ သူ့အပြုံးက မပြုံးချင်ပါဘဲ ပြုံးလိုက်ရသလို လေး။

       "ကျွန်မကတော့ မပုလဲညိုကို ကောင်းကောင်းသိနေပါတယ်။ အစ်မလဲ ကျွန်မကိုသိမှာပါ။ ဒီအတိုင်းကြီးတော့ သိချင်မှသိမှာ ပေါ့လေ။ ကျွန်မ တို့ချင်း တွေ့မှမတွေ့ဖူးကြတာ။ ဒါပေမဲ့ သမီးလေးရဲ့ အဖေနာမည်ကိုပြောလိုက်ရင်တော့ သိသွားမှာပါ"

       သူ့မျက်ဝန်းထဲမှာ အရိပ်တစ်ချို့ဖြတ်ပြေးသွားသည်ဟု  ညို ခံစားလိုက်မိ၏။ ထို့ကြောင့်လည်း သူ ပြောလာမည့်စကားကို ပိုပြီး အာရုံစိုက် လိုက်မိသည်။

         "သူ့ကို အစ်မကောင်းကောင်းသိခဲ့ပါတယ်။ အစ်မသူငယ်ချင်း မမိမိနွယ်ရဲ့အစ်ကိုလေ။ ဒေါက်တာကိုကိုဦးလေ။ ကျွန်မကတော့ ယွန်းနဒီပါ "

           "ဟင် "

          သူ့စကားအဆုံးမှာ အံ့သြစိတ်ကြောင့် ညို မင်သက်သွားမိ၏။ ညို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေခဲ့သည့် သူ့အကြည့်ကိုလည်း ညို ဘာသာပြန်တတ်သလို ဖြစ်လာ၏။ မျက်ဝန်းတွေကသာ သူ့ကို စိုက်ကြည့်နေမိသော်လည်း ညို့ စိတ်အစဉ်ကတော့ လွန်ခဲ့သည့် ဆယ်နှစ်တာကာလ ဆီကို ဖျတ်ကနဲပြေးထွက်သွားတော့၏။

(၃)

                  ညို့အသားတွေ တဆတ်ဆတ်တုန်ချင်နေ၏။ တစ်ကိုယ်လုံးကလည်း ရှိန်းတိန်းဖိန်းတိန်းနှင့်။ အခုအချိန်မှာ မှန်ထဲကိုသာ ကြည့်လိုက်မိလျှင် ညို့ မျက်နှာတစ်ပြင်လုံး နီတွတ်နေတာကို တွေ့ရလိမ့်မည်။ လူကသာ ငြိမ်ငြိမ်ကလေး ထိုင်နေနိုင်သော်လည်း အတွေးတွေကတော့ ဟိုရောက်လိုက်၊ သည်ရောက်လိုက်နှင့်။ ထိုကစင့်ကလျားအတွေးနှင့်အတူ တဒိန်းဒိန်းတုန်ယင်နေသည့် ရင်ထဲမှာလည်း  ဗြောင်းဆန်နေ၏။

           "ဟန်းဖုန်းတဲ့လား"

           မပွင့်တပွင့်လေး ရေရွတ်လိုက်သည့် ညို့လေယူလေသိမ်းက ခနဲ့တဲ့တဲ့ဖြစ်နေမည်ကို ညိုအသေအချာသိသည်။ သို့သော်လည်း လက်သည်း အရှည်ကို တံစဉ်းလေးနှင့်ညှိတိုက်ပုံသွင်းနေသည့် မိနွယ်ကတော့ ညို့ လေသံအတိမ်အနက်ကို အထူးတလည် ဂရုပြုမိပုံမပေါ်။

        "အေးဟ…ဟန်းဖုန်းတဲ့။ အဲ့ဒီ နဒီဆိုတဲ့ကောင်မလေးက ငါ့အစ်ကိုကိုမြင်မြင်ချင်းပဲသဘောကျတယ်တဲ့။ ဒါကြောင့် ၀ယ်ပေးတာတဲ့လေ။ ဖုန်းတစ်လုံးရဲ့ပေါက်ဈေးက (၁၅)သိန်း၊ သိန်း(၂၀)ရှိတာ။ ဒါတောင်မှ ငါ့အစ်ကိုနာမည်နဲ့လုပ်ပေးလိုက်တယ်။ အချိန်မရွေး ဆက်သွယ်လို့ရအောင်တဲ့။ ဟားဟား… အသည်းအသန်ကို ချစ်ပြနေတာပဲ။ သြော် အချစ် အချစ်။ အံ့သြပါရဲ့…"

           ရယ်ဟဟလေးပြောနေသည့် မိနွယ်၏အမူအရာက ထိုကောင်မလေး၏အပြုအမူကို အံ့သြနေသည်ထက် သူ့အစ်ကို အတွက် ဂုဏ်ယူနေသည့် ဘက်ကို ပိုပြီးတိမ်းနေ၏။ ညို့တစ်ယောက်လုံးကို သူ့ရှေ့မှာထားပြီး ထိုကောင်မလေး၏ အကြောင်းကို အားပါးတရပြောပြနေသည်။ ညိုက သူနှင့် တက္ကသိုလ် အတူတက်နေသည့်သူငယ်ချင်းဆိုတာကို၊ သူကိုယ်တိုင် ရက်ရက်ရောရောနှင့် အောင်သွယ်ပေးခဲ့သည့် သူ့အစ်ကို၏ချစ်သူ ဆိုတာကို သူ သတိမှရပါလေစ။

        "ဘာ .. အချစ် ဟုတ်လား။ ဖုန်းတစ်လုံး ၀ယ်ပေးတာကို အချစ်လို့ နင်တို့က သတ်မှတ်တာလား။ ဒါဖြင့် ငါကရော။ ကိုဦးနဲ့ တွဲရုံတွဲပြီး ဖုန်းမ၀ယ်ပေးတော့ အချစ်မဟုတ်ဘူးပေါ့။ အဲ့လိုလား……."

         ငေါ့တော့တော့မေးလိုက်သည့် ညို့အသံက မခံချင်စိတ်ကြောင့် မာဆတ်ဆတ်ဖြစ်နေ၏။ ဒေါသလှိုင်းကလည်း တရိပ်ရိပ်နှင့် ထိုးတက်လာ၏။ ချစ်ခြင်းမေတ္တာ၏ အတိမ်အနက်ကို ဖုန်းတစ်လုံးနှင့် တန်ဖိုးဖြတ်ရက်သည်ကိုလည်း ရင်နာမိ၏။

           ''သူက လည်တယ်ဟ။ ဖုန်းကို ပေးကတည်းက ငါ့အမေကတဆင့်ပေးလာတာ။ငါ့အစ်ကို ငြင်းချင်တာတောင် ငြင်းလို့မရဘူး''

     နှစ်ဖက်မိဘချင်းသဘောကျနေကြသည့်အခြေအနေဟု သွယ်ဝိုက်ပြီးပြောလိုက်သည်ပဲ။ ယွန်းနဒီဆိုသည့် နာမည်သာကြားဖူး သေးသည့် ညို့ပြိုင်ဘက်က ညို့ထက် ခြေဆံလက်ဆံပိုရှည်ကြောင်း ပြလိုက်သည်ပဲ။ ညိုတို့၏ချစ်သူသက်တမ်းနှစ်နှစ်ထက် သူနှင့်တွေ့သည့် လပိုင်းလေးက ပိုပြီး ခရီးရောက်ကြောင်း ပြလိုက်သည်ပဲ။ မိသားစုဝင်တွေကိုပင် သူက စည်းရုံးထားနိုင်သည်ပဲ။

           "သြော် နောက်ပြီး….  ကားတစ်စီးဝယ်ပေးဦးမယ်ဆိုပဲ"

              ပေါ့ပေါ့ပါးပါးလေးပြောထွက်လာသည့် မိနွယ်၏ မျက်နှာပေါ်မှ အပျော်ရိပ်ကလေးကို ညို ဖျတ်ကနဲလှမ်းမြင်လိုက်ရ၏။ ထိုကောင်မလေး အကြောင်းကိုသိစက 'မိန်းမနောက်ပိုး' ဟု သမုတ်ပြီး ခါးခါးသီးသီးဖြစ်နေခဲ့သည့် မိနွယ်လည်း လေသံတွေပြောင်းသွားပါပေါ့လား။ ကိုယ့်ရှိတာထက်ပိုပြီး ၀ါဝါကြွားကြွားနေတတ်သည့်မိနွယ်အတွက် သူက မက်လောက်စရာ ယောင်းမလောင်းလေး ဖြစ်သွားပါပေါ့လား။

       ဖုန်းတစ်လုံးတဲ့။ ကားတစ်စီးတဲ့။ ရက်ရက်ရောရောကို စတေးနေသည်ပဲ။
   
               ကျိကျိတက်ချမ်းသာသည့်မိဘတွေ၏ ဖူးဖူးမှုတ် အလိုလိုက်ခြင်းကိုခံထားရသည့် တစ်ဦးတည်းသောသမီးလေးက ဆရာဝန်ခင်ပွန်းလောင်းကို သူ့ဘက်ကို အပါဆွဲဆောင်နိုင်ဖို့ ကြိုးစားနေပြီပဲ။

         "နင့်အမေက ငါ့ကိုသဘောမကျဘူးတဲ့လား။ သူ့ကိုပဲ ချွေးမတော်မယ်တဲ့လား။ ဟုတ်လား မိနွယ်''

     မေးနေရင်းနှင့်ပင် ညို တုန်လှုပ်နေမိ၏။ တကယ်တော့ ညို ချစ်မိသည့်သူက အမေ့စကားကိုမပယ်ရှားတတ်သည့် သားလိမ္မာ မဟုတ်ပါလား။

           "မေမေက နင့်ကို သဘောမကျတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟိုဘက်က သူ့သားကို ဒီလောက်တောင် သဘောကျနေတယ် ဆိုတော့ မေမေကလည်း  မိဘပဲဟာ …. ဟိုဒင်း။  ပီတိပေါ့။ သားအတွက် ပီတိကတော့ ဖြစ်တာပေါ့။ ဒီတော့လည်း… "

       မိနွယ်၏စကားက အဆုံးသတ်နားမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာ၏။ ပီတိတဲ့။ လှလိုက်သည့်စကား။ ဓနအင်အား၏ အရိပ်အောက်မှာ သာယာချင်နေသည့်အတ္တကို ပီတိဆိုသည့် စကားလုံးလေးနှင့် လှလှပပကလေးအစားထိုးချင်နေသည်ပဲ။ သားတော်မောင်၏ရှေ့ရေးအတွက် ညို့ထက် ပိုပြီးသင့်တော်မည်ထင်သည့် ချွေးမလောင်းကို လက်တွေ့ကျကျတွက်ချက်နေကြပြီပဲ။ လူလတ်တန်းစားမိသားစုဘ၀မှ သက်သောင့်သက်သာလေး ရုန်းထွက်နိုင်မည့်အခွင့်ကောင်းကို ဆုပ်ကိုင်ဖို့အားယူနေကြပြီပဲ။

         ချစ်ခြင်းတရား၏နောက်ကွယ်မှာ ဂုဏ်ပကာသနတွေ၊ ကိန်းဂဏန်းတွေက ထင်ထင်ရှားရှားကြီးကို တွဲပါလာပါပေါ့လား။ ဘာမှန်းမသိသည့် ခံစားချက်တွေကြောင့် မျက်ရည်တွေလည်း ၀ဲတက်လာ၏။

     မိဘတွေ၏ကြွယ်ဝမှုကို အားထားစရာအဖြစ်မမြင်ဘဲ  သိုသိုသိပ်သိပ်လေးနေတတ်ခဲ့သည်က ညို့အတွက်အားနည်းချက် တစ်ခုဖြစ်သွားခဲ့မှန်း နားလည်လိုက်ပြီ။

              ဆန်စက်၊ ဆီစက်ပိုင်ရှင်တွေဖြစ်ကြသော်လည်း ပကာသနမဖက်ဘဲ ရိုးရိုးစိုက်စိုက်သာ နေတတ်သည့် မေမေတို့၏ မျက်နှာကို ညို ပြေးမြင်လိုက်မိ၏။ ဖုန်းတစ်လုံးလောက်ကို မဆိုထားနှင့်။ 'ညို့အတွက် တိုက်ခန်းတစ်ခန်းဝယ်ပေးပါ' ဟု တောင်းဆိုလျှင်တောင် မေမေတို့၏အနေအထားနှင့် မဖြည့်ဆည်းပေးနိုင်စရာမရှိပါ။

         သည်တော့ ညို ဘာလုပ်သင့်ပါသလဲ။ ချစ်သူကို အမိအရ ပြန်ဆွဲထားဖို့ ညို့မိဘ၏နောက်ခံအင်အားကို လူသိရှင်ကြား ချပြလိုက်ရမည်လား။

           "မထူးပါဘူး ညိုရယ်။ နင်လည်း ငါ့အစ်ကိုကို တင်တောင်းလိုက်တော့ဟာ။ သူနဲ့အပြိုင်သာ တင်တောင်းလိုက် တော့။ ပြီးတာပဲ။ ကိုးရီးယား ကားတွေထဲမှာလည်း ကိုးရီးယားမ တွေလည်း ဒီလိုပဲလုပ်နေကြတာပဲလေ။ နင်လည်း ခေတ်မှီအောင် လုပ်လိုက်ပေါ့ဟာ။ မဟုတ်ဘူးလား"

            ရွတ်နောက်နောက်ပြောလာသည့် မိနွယ်စကားက ညို့နှလုံးသားအလယ်တည့်တည့်ကို ဒက်ကနဲလာမှန်၏။ သွေးရူးသွေးတန်းအတွေးတွေ တိကနဲရပ်သွားသလို တဒိန်းဒိန်း တုန်နေသည့် ရင်ခုန်သံတွေလည်း ဖျတ်ကနဲရပ်တန့်သွားသယောင် ခံစားလိုက်ရ၏။ မိနွယ်ကို မမြင်ဖူးသလို စိုက်ကြည့်မိနေရင်း ရင်ထဲမှာလည်း စူးအောင့်လာ၏။

             ညိုက သူ့အစ်ကိုကို တင်တောင်းရမည်တဲ့လား။ မိန်းကလေးတန်မဲ့ ယောက်ျားတစ်ယောက်ကို တင်တောင်းရမည် တဲ့လား။ မဖြစ်သင့်ပါ။  မဖြစ်နိုင်ပါ။

       မိဘရင်ခွင်နှင့်အဝေးမှာ အဆောင်နေရင်း   ကျောင်းလာတက်နေရသော်လည်း ညို့ဆင်ခြင်တုံတရားကတော့ အေးခဲမသွားသေးပါ။ မြန်မာမလေးတစ်ယောက်စောင့်ထိန်းသင့်သည့် ထုံးတမ်းစဉ်လာ ကိုတော့ ညို မချိုးဖောက်နိုင်ပါ။ မိန်းမတို့အိနြေ္ဒကိုလည်း  အပွန်းပဲ့ မခံနိုင်ပါ။

             မိန်းမသားတစ်ယောက်၏မာနက ဆတ်ကနဲရုန်းထ လာတော့ ၀ဲနေသည့်မျက်ရည်စတွေကို မျက်တောင်တွေနှင့် ပုတ်ခတ်သိမ်းဆည်းလိုက်မိပြီ။ သာမာန်ထက်ပိုပြီး ကျယ်လွန်းနေသည့် ရင်ခုန်သံကိုလည်း လျစ်လျူရှုပစ်လိုက်မိပြီ။ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း၊ တစ်ဆို့ဆို့ဖြစ်ချင်နေသည့် လည်ချောင်းကို ချောင်းတစ်ချက်နှင့် ရှင်းထုတ်ပစ်လိုက်ရင်း

            "ဆောရီးပဲ မိနွယ်။ ငါ မလုပ်နိုင်ဘူး။ မိန်းမတန်မဲ့ ယောက်ျားတစ်ယောက်ကိုတော့ တင်မတောင်းနိုင်ဘူး။ ကိုယ့်တန်ဖိုးကိုကိုယ် မချနိုင်ဘူး။ ငါ့မိဘလည်းချမ်းသာတာပဲ။ ဖုန်းရောကားရော ငါလည်းဝယ်ပေးနိုင်သားပဲ။ ဒါပေမဲ့ ငါ ၀ယ်မပေးဘူး။ ယောက်ျားတစ်ယောက်ကို ပစ္စည်းဥစ္စာကို ဗန်းပြပြီးဆွဲဆောင်ဖို့ ငါ့မိဘတွေကမသင်ပေးဖူးဘူး။

        ငါနေနေတာက မြန်မာပြည်။ ငါကိုယ်တိုင်ကလည်း မြန်မာ မိန်းကလေး။ ဒါကြောင့် မိန်းကလေး တစ်ယောက်စောင့်ထိန်းရမယ့် ထုံးတမ်းစဉ်လာကိုတော့ ငါမျက်ကွယ်မပြုနိုင်ဘူး။ မိန်းမတစ်ယောက်ဟာ လှရုံ၊ ချမ်းသာရုံ၊ ပညာတတ်ရုံနဲ့ မလုံလောက် သေးဘူး။ စောင့်ထိန်းသင့်တာကိုလည်း စောင့်ထိန်းဦးမှ။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးရှိအောင်နေတတ်ဦးမှဟ။ ကိုယ့်အိနြေ္ဒသိက္ခာ၊ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်မှ လူ့လောက ထဲမှာ၊ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့အလယ်မှာ ခေါင်းမော့ရင်ကော့ပြီး နေသွားနိုင်မှာ။ တန်ဖိုးထားတာကိုခံရမှာ။ ဒါမှလည်း ကိုယ့်လိပ်ပြာကိုယ် သန့်နိုင်မှာ"

        မာနနှင့်ဒေါသ သမရောယှက်နေသည့် စကားလုံးတွေက ညို့နှုတ်ဖျားကနေ ရှောရှောရှူရှူပင် ထွက်ကျလာ၏။

        "နင်နဲ့သူက အတွေးအခေါ်ချင်း လုံးဝဆန့်ကျင်ဘက်ပဲ။ သူကလည်းပြောပါတယ်။ သူချစ်လို့၊၀ယ်ပေးနိုင်လို့ ၀ယ်ပေးတာကို မိန်းကလေးက စ,တယ် ဘာညာပြောကြလည်း ဂရုမစိုက်ဘူးတဲ့။ အခုက (၂၁) ရာစုရောက်နေပြီ။ မိန်းမနဲ့ယောက်ျား ရင်ပေါင်တန်းနေတဲ့ခေတ်မှာ (၁၉)ရာစုက အိုဟောင်းနေတဲ့ အတွေးအခေါ်တွေကို သူလက်မခံဘူးတဲ့။ ထုံးတမ်းစဉ်လာတွေ ကိုလည်း ငဲ့မနေနိုင်ဘူး။ မိန်းမက စ,သင့်ရင်လည်း စရမှာပဲတဲ့။ ဖူးစာ ဆိုတာ ဦးရာလူမဟုတ်တော့ဘူး၊ လုပ်ယူရတာတဲ့။ ရေရေလည်လည်ကို ပွင့်လင်းတယ်"

       ခေါင်းလေးမော့ရင်း ပြုံးတုံးတုံးလုပ်ရင်းပြောနေသည့် မိနွယ်၏စကားတွေကို ညိုကတော့ နားခါးလွန်းလှ၏။

         "အဲ့ဒါ ပွင့်လင်းတာမဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှုကို ဖီလာဆန့်ကျင်နေတာ။ သူ့ကိုယ်သူ မြန်မာမဆိုတာ ကိုမေ့နေတာ။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းနိုင်တယ်ဆိုတာ တခြားကိစ္စတွေမှာ ဖြစ်နိုင်ပေမယ့် ဒီကိစ္စမှာတော့မရဘူး။ မိန်းမဘက်က မက်လုံးပေးပြီးမှ ယောက်ျားရရမယ်ဆိုရင်၊ သူနဲ့အပြိုင် တင်တောင်းနိုင်မှ နင့်အစ်ကိုကိုရမယ်ဆိုရင်တော့ နင့်အစ်ကိုကို ငါ စွန့်လွှတ်လိုက်မယ် မိနွယ်"

       "နင့်စကားတွေက ရင့်လွန်းနေပြီ ညို"

            ညို့ကိုစူးစူးစိုက်စိုက်ကြည့်နေသည့် မိနွယ်၏မျက်ဝန်းတွေ ထဲမှာ ဒေါသအရိပ်အငွေ့တွေက သိသိသာသာရစ်ဆိုင်းလာ၏။ တော်ရခါနီးဆဲဆဲ ရွှေယောင်းမလေးအတွက် ခံပြင်းနေသည့် အမူအရာကိုလည်း အကဲခတ်လိုက်မိ၏။ ညိုတို့ သူငယ်ချင်း နှစ်ယောက်၏ သုံးနှစ်တာခင်မင်မှုက ပက်ကြားအက် စပြုဖို့ သေချာနေပါပြီ။ သို့ပေမယ့်လည်း ညို့စကားတွေအတွက် နောင်တမရပါ။ ညို့ယုံကြည်ချက်အတွက် ညို့နှလုံးသားကို စတေးရမည်ဆိုလျှင်တောင် ညိုကတော့ နောင်တမရပါ။

          သူငယ်ချင်း ခင်မင်မှုထက်၊ ကိန်းဂဏန်းတွေအောက်မှာ ယိမ်းယိုင်ချင်နေသည့် သူ့မိဘတွေထက်၊ ချစ်သူနှင့်မိဘကြားမှာ မပြတ်မသား ဖြစ်နေသည့် ချစ်သူထက်  ညို ပိုပြီးထိန်းသိမ်းချင်သည်က မိန်းမတစ်ယောက်၏တန်ဖိုးပါ။

(၄)

         "သွေးတစ်ပုလင်းရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်မကိုယ်တွေ့ပါပဲ။ လောကမှာ ငွေနဲ့ဝယ်လို့မရတာတွေ အများကြီး ရှိနေတာကို မပုလဲညိုက ကျွန်မကို ထပ်ပြီး ချပြလိုက်ပြန်ပြီပဲ"

         သူ့စကားက အတွေးလွန်နေမိသည့် ညို့ကို လက်ရှိအချိန်ကို ပြန်ဆွဲခေါ်လိုက်နိုင်၏။

         "ထပ်ပြီးချပြတယ်။ ဟုတ်လား…..။ ကျွန်မက ဘယ်တုန်းကများ"

          နားမရှင်းသလိုမေးလိုက်တော့ သူ့နှုတ်ခမ်းစွန်းလေး မသိမသာလေးကွေးသွား၏။

            "အစ်မကတော့ သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ မေတ္တာတရားကို ငွေနဲ့ဝယ်လို့မရဘူးဆိုတာကိုတော့ အစ်မကြောင့် ကျွန်မနားလည်ခဲ့တာပဲ။ ဟိုတုန်းက အစ်မရဲ့ချစ်သူကို ရအောင်ယူနိုင်ခဲ့တယ်ဆိုပြီး ကျွန်မသိပ်ဂုဏ်ယူခဲ့တာ။ ကျွန်မနိုင်ခဲ့တယ်လို့ ထင်ခဲ့တာ။ ငွေသာရှိ ရင်ဘာမဆိုဖြစ်နိုင်တယ်လို့ ကြွေးကြော်ခဲ့တာ။

        တကယ်တော့  တချိန်မှာအကြီးအကျယ်ရှုံးရမယ့်အရှုံးကိုမှ ကျွန်မကမက်မက်မောမောနဲ့ ၀ယ်ခဲ့မိတာပဲ။ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးတော့ကိုဝယ်ခဲ့မိတာ။ အစ်မဆီကနေလုယူနိုင်ဖို့ မိန်းကလေးတန်မဲ့ သူ့ကိုတင်တောင်းမိခဲ့တာ။ ထုံးတမ်းစဉ်လာတွေ ကိုတောင် ရိုက်ချိုးပစ် ခဲ့တာ။ သူ့ကိုတော့ရခဲ့ပါတယ်။ ဒါပေမဲ့ သာယာတဲ့အိမ်ထောင်တစ်ခုတော့ ဖြစ်မလာခဲ့ဘူး။ သူတန်ဖိုးထားရတဲ့မိန်းမတစ်ယောက်တော့ ဖြစ်မလာခဲ့ဘူးလေ။ ကျွန်မပိုင်ဆိုင်တဲ့ငွေတွေနဲ့ ကျွန်မရင်းခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာကိုတော့ ပြန်ဆယ်လို့မရခဲ့ဘူး။

             ပိုက်ဆံချမ်းသာတာနဲ့တန်ဖိုးထားခံရတာ ဘယ်လောက် ကွာသလဲဆိုတာ ကျွန်မသိလာတဲ့အချိန်မှာ အရာရာက နောက်ကျ သွားခဲ့ပြီ။ အမည်ခံ အိမ်ထောင်ရေးကို သမီးလေးမျက်နှာနဲ့ သည်းခံနိုင်ပေမယ့် အပြင်မှာဖောက်ပြန်တာကိုတော့ ခွင့်မလွှတ်နိုင် တော့ဘူး။ မိန်းမတစ်ယောက်မှာရှိသင့်တဲ့ စောင့်ထိန်းမှုတွေကို မျက်ကွယ်ပြုပြီး မိုက်ရူးရဲဆန်ခဲ့ပေမယ့် သမီးလေးတွက်တော့ကျွန်မ မိခင်ကောင်းဖြစ်ချင်တယ်။ ကျွန်မတို့ရဲ့စိတ်ချမ်းသာစရာမရှိတဲ့၊ ချပြစရာမရှိတဲ့အိမ်ထောင်ရေးကို သမီးလေးကို မမြင်စေချင်တော့ဘူး။ ဒါကြောင့်ပဲ ပြတ်ပြတ်သားသား လမ်းခွဲပစ်ခဲ့တာ"

        ညို နောက်တစ်ကြိမ် မင်သက်ရပြန်၏။ မိမိသဘောကျသည့်သူကို ရအောင်ယူခဲ့ပြီးမှ၊ အထူးကုတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့ပြီးမှ သည်လို ရလဒ်မျိုး ကြုံလာရသတဲ့လား။ ပက်ကြားအက်နေသည့် အိမ်ထောင်ရေးကို အဆုံးသတ်ပစ်လိုက် သတဲ့လား။

      ရောဂါအရှိန်နှင့်မှိန်းနေရှာသည့် ကလေးမလေး၏ သနားစဖွယ် မျက်နှာလေး ကို ပြန်မြင်ယောင်လာမိသည်။ ပြည့်စုံသည့် နောက်ခံအင်အားကြောင့် ဘ၀မှာအခြေအနေမပျက် ရပ်တည်နိုင်မည်မှာ ယုံမှားစရာမရှိသော်လည်း ဖခင်မေတ္တာနှင့် ကင်းဝေးသွားရရှာသည့် ကလေးမလေးမှာတော့ စိတ်ဒဏ်ရာ ရရှာရောပေါ့။ နူးညံ့လွန်းသည့် နှလုံးသားလေးမှာလည်း ကွက်လပ်လေးတော့ ဖြစ်သွားရှာရောပေါ့။

           ညို သက်ပြင်းမောတစ်ခုကိုသာ ချလိုက်မိသည်။

        "ကြားရတာစိတ်မကောင်းပါဘူး ညီမရယ်။ စိတ်ရင်းနဲ့ ပြောတာပါ။ ညီမလည်းခံစားရမှာပေါ့။ ဒါပေမဲ့ သမီးလေးကိုတော့ ပိုပြီးဂရုစိုက်ပေးပါ ညီမရယ်။ ကလေးမဟုတ်လား"

       သူ့ပခုံးလေးကို အသာလှမ်းကိုင်ရင်း ပြောမိတော့ ၀ဲချင်နေသည့်မျက်ရည်စတွေကိုသိမ်းဆည်းရင်း နားလည်ပြုံးလေး ပြုံးပြသည်။

       "မခံစားရဘူးလို့ပြောရင်တော့ ညာတာပဲပေါ့ အစ်မရယ်။ ခံစားရပါတယ်။ ဒါပေမဲ့ သူနဲ့လမ်းခွဲရတဲ့အတွက်တော့ ကျွန်မ နောင်တမရဘူး။ သမီးလေးကိုပဲသနားမိတာ။ ဒီရက်ထဲမှာ ပွဲရုံကိစ္စတွေနဲ့အရမ်းရှုပ်နေတော့ သမီးလေးကို လစ်လျူရှုသလို တော့ဖြစ်သွားခဲ့တယ်။ ဒါကြောင့်လည်း အခုလို အခြေအနေထိ ရောက်သွားရတာ။ ဒီကစပြီးရှေ့လျှောက်တော့ ပိုပြီးဂရုစိုက်မှာပါ။  ကျွန်မဘ၀မှာ သမီးလေးပဲ ရှိတော့တယ်လေ။ နောက်ပြီး ကျွန်မလို အမှားမျိုးမမှားမိအောင်လည်း သူ့ကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ရဦးမယ်လေ"

          သူ့မျက်ဝန်းတွေထဲက အားမာန်သတ္တိတွေက ညို့ ဆီကိုလည်း ကူးစက်လာသလို ခံစားလိုက်ရသည်။

          "အမှားဆိုတာတော့ လူတိုင်းမှားတတ်ကြတာပဲ။ အဲ့ဒီအမှားကို ကိုယ့်မျိုးဆက်တွေဆီကို လက်ဆင့်မကမ်းချင်တာကမှ ချီးကျူးထိုက်တာ။ အဲ့ဒါမှ မိခင်တစ်ယောက်ရဲ့စိတ်ထားလေ။ သိပ်ကို လေးစားစရာကောင်း ပါတယ်ကွယ်။  ကဲ .. သွေးလည်း လှူပြီးပြီ ဆိုတော့  အစ်မတို့ ပြန်တော့ မယ်။ အောက်မှာ အဖွဲ့ကားလည်း လာကြိုနေပြီတဲ့။ ကလေးအတွက် နောက်ထပ် သွေးလိုအပ်လာခဲ့ရင်လည်း အဖွဲ့ကို ဖုန်းထပ်ဆက်လိုက်ပါ။ မဖြစ်ဖြစ်အောင် ကူညီပေးပါ့မယ်။ သမီးလေး အမြန်ဆုံး သက်သာပါစေလို့လဲ အစ်မတို့ ဆုတောင်းပေးခဲ့ပါတယ်"

              "ခဏပါ အစ်မ။ ခဏနေပါဦး။ အဖွဲ့အတွက် အလှူငွေလက်ခံတယ်လို့ ပြောခဲ့တယ်နော်။ ကျွန်မလှူပါရစေ"

          သူကမ်းပေးလာသည့် သုည(၅)လုံးပမာဏကိုကြည့်ရင်း ညို အံ့သြသွားမိ၏။ အရာရာကိုငွေနဲ့ဖြေရှင်းတတ်ခဲ့သလို ညိုတို့၏ စေတနာ ကိုလည်း တန်ဖိုးဖြတ်လိုက်တာများလားဟု စိတ်မသက်မသာနှင့်တွေး လိုက်မိ၏။ သူ့ကို ပြန်မော့ကြည့်လိုက်သည့်ညို့အကြည့်ကို သူလည်း နားလည် သွားသည် ထင်၏။ ပြုံးလိုက်၏။ သည်အပြုံးကတော့ ထူးထူးခြားခြား ကြည်လင်နေသည်။

          "တချိန်က ရေစက်ဆိုးတွေဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အစ်မအပေါ်မှာ ဘာအာဃာတမှမရှိတော့ပါဘူး။ ကျွန်မဘ၀ တလျှောက်လုံးမှာ ကိုယ့်အတ္တအတွက်ချည်းပဲ ငွေကိုသုံးခဲ့ဖူးတယ် အစ်မ။ ဒီတစ်ကြိမ် မှာတော့ အကျိုးရှိရှိလေးသုံးပါရစေ။ အစ်မတို့လို ပရဟိတအဖွဲ့အစည်းတွေ အင်အားတောင့်နေမှ တကယ် လိုအပ်နေတဲ့လူနာတွေကို စိတ်ရောကိုယ်ပါ ကူညီနိုင်ကြမှာလေ။ ဒါကြောင့်လည်း လှူဖြစ်တာပါ။ စေတနာကို ငွေနဲ့တန်ဖိုးဖြတ်တာ မဟုတ်ပါဘူး။ စိတ်ရှင်းရှင်းနဲ့လက်ခံပေးပါ အစ်မရယ်"

           ညို့လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း လှိုက်လှိုက်လှဲလှဲ ပြောလာတော့ ညို မငြင်းသာတော့ဘဲ ခေါင်းညိတ်လိုက်မိ၏။

           "အတိတ်ဆိုတာ တစ်သက်လုံးဖက်တွယ်ထားရမယ့်အရာမှ မဟုတ်ပဲ ညီမရယ်။ အစ်မလည်း ညီမကို မေတ္တာမပျက်ပါဘူး။ တို့နှစ်ယောက်လုံးမှာ မိခင်ဆိုတဲ့စိတ်ဓါတ်ကတော့ တူညီတာပဲလေ။ ညီမတို့ အလှူအတွက် လှိုက်လှိုက်လှဲလှဲကို သာဓုခေါ်ပါတယ်ကွယ်"

            ညို့ သာဓုခေါ်သံအဆုံးမှာတော့ နားလည်မှုအရှိဆုံးနှင့် အလှပဆုံးအပြုံးလေးနှစ်ပွင့် ဖျတ်ကနဲလန်းစွင့်သွားတော့သည်။       ။

                                            #crd#ကာင်းကင်မေ(စီးပွားရေးတက္ကသိုလ်)
                                                 
၂၀၁၅ ခုနှစ်
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်
ပထမဆုရ စာမူ

No comments:

Post a Comment