" ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာပညာတော်သင်လူငယ်များ "

ဗိုလ်ဥဏ်မောင်


ကျွန်တော်တို့တစ်တွေက လွတ်လပ်ရေးသမိုင်းမှာ " ရဲဘော်သုံးကျိပ် " လောက်ကိုသာ သိခဲ့ကြပြီး သွက်သွက်ကြီး ရိုးသေနေကြတာ။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ နိုင်ငံနဲ့ လူမျိုးအတွက် သက်စွန့်ဆံဖျား ဂျပန်ပြည် ပညာသင်သွားခဲ့ကြတဲ့ " ကောင်လေး " တွေအကြောင်းကို မှတ်မှတ်ရရ ပြောတဲ့သူ မရှိသလောက်ပဲ။
" ကောင်လေး " တွေလို့ ပြောပေမယ့် သူတို့ တစ်တွေဟာ ကျွန်တော်တို့အဘိုးရွယ်ထက်ပင် သာလွန်ကြတဲ့ လူကြီးတွေပါ။ ယခုတော့ တစ်ဦးတစ်ယောက်ပင် လူ့လောက၌ ရှိကြတော့မယ် မထင်။
" ကောင်လေးတွေ " လို့ ခေါ်လိုက်ရတာ လိပ်ပြာမသန့်သလို မအပ်ရာပြု့မိသလို ခံစားနေမိပါတယ်။ ဒါပေမယ့် စစ်ကြီးအတွင်းမှာ လူပျိုပေါက်ဘဝ လူငယ်လေးတွေ " ငယ်ခဲ့ကြပုံကို ပြက်ပြက်ထင်ထင် ပြန်မြင်ရအောင် ခေါ်ရခြင်းပါ။
◑◑◑
‪#‎_ဂျပန်ပြည်မှာဘယ်လိုနေ_‬
ဒုတိယကမ္ဘာစစ်အတွင်း ပညာသင်ကောင်လေးတွေ ဂျပန်ပြည်ရောက်သွားကြပြီး ဘယ်လိုနေထိုင်ကြပြီး၊ ဘယ်လိုဒုက္ခနဲ့ ကြုံခဲ့ကြရသည်ကို မသိခဲ့ကြပါဘူး။
‪#‎_ရှားရှားပါးပါးမှတ်တမ်း_‬
( ၁ )
စာပေဗိမာန်က ထုတ်တဲ့
" ဒုတိကမ္ဘာစစ်အတွင်း ဂျပန်ရောက် ပညာသင်သုံးကျိပ် "
ဆိုတဲ့စာအုပ်ကို ဖတ်လိုက်ရပါတယ်။ ရေးတဲ့သူက ‪#‎_ကြည်ခင်_လျှပ်စစ်ဓာတ်အား_‬ တဲ့။
တစ်ခါမှ မကြားဖူးတဲ့ ကလောင်ရှင်ပေါ့။ ဘယ်ကြားဖူးပါ့မလဲ၊ သူက စာရေးဆရာမှ မဟုတ်ဘဲ။
ဆရာကြီးဦးကြည်ခင်က ဂျပန်ညာသင်သွားကြတဲ့ ကောင်လေးတွေထဲက တစ်ယောက်ပါ။
နောက်ပိုင်းမှ သူတို့ငယ်ခဲ့ကြပုံကို မှတ်တမ်းတင်ချင်မိတာကြောင့် ပြန်ရေးထားတာပါ။
( ၂ )
နောက်ထပ် မှတ်တမ်းစာအုပ်တစ်အုပ်က
‪#‎ဗိုလ်ဥာဏ်မောင်‬ ရေးတဲ့ " စစ်အတွင်း လေကြောင်းပညာသင် အတွေ့အကြုံများ " ဆိုတဲ့ စာအုပ်နှစ်အုပ်ကြောင့်သာ သူတို့ ဂျပန်ပြည်မှာ နေထိုင်ခဲ့ကြပုံကို သိကြရတာပါ။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပညာတော်သင်သွားခဲ့တဲ့ ကောင်လေးတွေအကြောင်း မျက်ဝါးထင်ထင် သိရှိနိုင်မယ့် ရှားရှားပါးပါး စာအုပ်နှစ်အုပ်ပါ။
◑◑◑
ပထမဦးစွာ ဗိုလ်ဥာဏ်မောင် ရဲ့ အမှာစာကို ကြည့်ပါဦး...

ဂျပန်အမျိုးသားများသည် သူတို့ကိုယ်တိုင် အာရှတစ်ခွင်
နှင့်တကွ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ စစ်မျက်နှာအားလုံး
လိုလိုတွင် တစ်ဆုတ်တည်းဆုတ်၊ တစ်ရှုံးတည်းရှုံးနေ
သည့် ကြားထဲက ကျွန်တော်တို့ ရဲဘော်များအား စေတ
နာမကွက် မငြိုမငြင်ဘဲ ပညာသင်ကြားပြသပေးခဲ့သည်၊
အထူးသဖြင့် ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးက
သူတို့ဖက်ဆစ်များအား တော်လှန်တိုက်ခိုက်နေသည်
ကို သိလျက်နှင့် မသိဟန်ဆောင်ကာ ထိုအချိန်၌ အမျိုး
သားရေးအားဖြင့် ရန်သူဖြစ်နေသော ကျွန်တော်တို့
အပေါ် မည်သို့မျှအန္တရာယ် မဖြစ်စေဘဲ သဘောထား
ကြီးစွာ စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။
. ကျွန်တော်တို့အဖို့ရာမူ အိမ်ရှင်မျက်နှာကြည့်၍အနေ
ရခက်လှသော ဧည့်သည်ပမာ အိမ်ရှေ့ပူ၊ အိမ်နောက်
မချမ်းသာ ဆိုသည့်စကားလို မျက်နှာငယ်ကြရသည်
သာမက. သူတို့ လက်ခုပ်ထဲကရေလို သွန်လိုသွန်
မှောက်လိုမှောက် အခြေအနေကျရောက်နေတာ
ကြောင့် တရွံ့ထိတ်ထိတ် စိုးရိမ်စိတ်ဖြင့် သင်ကြားနာ
ယူခဲ့ကြရသည်။
...........
‪#‎အရေးကြီးဆုံးကမျိုးချစ်စိတ်ဓာတ်ပဲ‬
ဗိုလ်ဉာဏ်မောင်တို့ လေကြောင်းပညာသင်အုပ်စုက အားလုံး ဆယ်ယောက်ပါ။ သူတို့ခရီးစထွက်တဲ့နေ့က ၁၉၄၄ - ခု မေလ ၂ - ရက် သူတို့က ဗိုလ်သင်တန်းတက်နေကြသူများဆိုတော့ ဖက်ဆစ်တော်လှန်ရေး အတွက်ကို စိုင်းပြင်နေကြတာ အတွင်းသိ အစင်းသိဖြစ်နေတာကိုး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မေးကြည့်လိုက်သေးတယ်၊ သူတို့ ပညာသင်က အပြန် မီနိုင်ပါ့မလားပေါ့။
ဗိုလ်ချုပ်က...
. " ဒါတော့ အာမမခံနိုင်ဘူး၊ မီချင်လဲ မီမှာပဲ၊ မမီတော့လဲ အခြေအနေကို ရင်ဆိုင်ကြပေါ့၊ အရေးအကြီးဆုံးကတော့ မျိုးချစ်စိတ်ဓာတ်ပဲ "
..........
‪#‎_မြန်မာ့လေတပ်မတော်_အမြူတေ_‬
ဒီလောက်ဆိုရင် ကျွန်တော်တို့ အဲဒီပညာတော်သင် ကောင်လေးတွေရဲ့ အခြေအနေကို မှန်းလို့ရနေပါပြီ။ သူတို့က ဂျပန်ပြည်မှာ ရောက်နေကြမယ်။ ဒီမှာက ဖက်ဆစ်တော်လှန်ရေးကြီးကို ဗြောင်းဆန်အောင် လုပ်နေကြတော့မယ်။
အဲဒီအချိန်က အခြေအနေအရဆိုရင် သူတို့လေးတွေက ရန်သူ့လက်ခုပ်ထဲမှာ။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အထက်ကပေးတဲ့ အမိန့်ကို နာခံခဲ့ကြတယ်။ 
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ ဂျပန်တွေနဲ့ သဘောတူထားတဲ့အတိုင်း ဣနြေ္ဒမပျက် ကလေးတွေကို လွှတ်လိုက်ရပေမယ့် စိတ်ကောင်းဟန်မတူဘူး။
ဘာကြောင့်လဲဆိုတော့ ဒီလောက် အလုပ်တွေ ရှုပ်နေတဲ့ကြားထဲက မော်လမြိုင်ရထား ထွက်ခါနီးမှာ ကပ်ပြီး မီအောင်လိုက်လာသေးတယ်။
ပညာတော်သင်ကောင်လေးတွေ ဖြစ်ကြတဲ့ မောင်ဉာဏ်မောင်တို့၊ မောင်သောင်းဒန်တို့၊ မောင်ထွန်းသန်းတို့ တစ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဒီလိုလာပြီး လိုက်ပို့နှုတ်ဆက်လေတော့ ရင်ထဲမှာ အလေးပြု့ရင်း မျက်ရည်လည်လာကြတယ်လို့ ရေးထားပါတယ်။
_ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ ဒီကောင်လေးတွေရဲ့ အနာဂါတ်ဟာ ဘာဆို ဘာမှမရေရာမှန်း သိသိကြီးနဲ့ လွှတ်လိုက်ရတာကို စိတ်မကောင်းဘူးနဲ့ တူပါတယ်။
. " မင်းတို့ ကျန်းကျန်းမာမာနဲ့ လိုရာခရီးကို ချောချောမောမော ရောက်ပါစေလို့ ငါဆုတောင်းလိုက်ပါတယ် "
လို့ ဆုပေးသွားလိုက်တာကိုသာ ကြည့်တော့။ စစ်အတွင်း ရေလမ်းခရီးမဟုတ်လား။ ချောချောမောမောရောက်သွားဖို့ကိုက ရဲရဲမျှော်လင့်လို့ရတာ မဟုတ်ဘူး။
ဒါပေမယ့် မြန်မာ့လေတပ်မတော်ကို အမြူတေချခဲ့ပေးခဲ့တာ ဒီကောင်လေးတွေပါပဲ။
◑◑◑
‪#‎_ပထမဦးဆုံးမြန်မာလေယာဉ်မှူး_‬
လေကြောင်းပညာသင် ကောင်လေးတွေဟာ တပ်မတော်မှာ ပထမဆုံး လေယာဉ်ပျံမောင်းကြရမယ့်သူတွေဖြစ်လေတော့ သူတို့ကိုယ်တိုင်ကလည်း ဂုဏ်ယူတယ်၊ တစ်ပါးသူတွေကလည်း ချီးကျူးအားပေးကြတယ်။ ဂျပန်ပြည်ရောက်လို့ သင်တန်းစလိုက်ပြီးဆိုကတည်းက မြန်မာလူမျိုးတွေကို အထင်သေးမှာ မခံချင်စိတ်နဲ့ အစွမ်းကုန်ကြိုးစားလိုက်ကြတာတွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာ သူတို့နဲ့ ရောပြီး အားတက်လာမိအောင်ပါပဲ။
သူတို့ကို အုပ်စုနှစ်စုခွဲလိုက်ပြီး ဂျပန်ဆရာနှစ်ယောက်က နည်းပြတယ်။ ဂျပန်ဆရာချင်းကလည်း ခပ်ပြိုင်ပြိုင်ပါပဲ။ သူ့တပည့် ကိုယ့်တပည့်ပေါ့။
သူတို့က လေယာဉ်ကို တစ်ယောက်ချင်း မောင်းချင်လှပြီ။ ဆရာတွေက ခွင့်မပြု့သေးဘူး။ ဒီအချိန်မှာ ဂျပန်တပ်စိတ်က ဂျပန်လေးတွေမှာတော့ တစ်ယောက်စ နှစ်ယောက်စဟာ တစ်ယောက်ချင်းမောင်းခွင့်ရနေပြီ။
ဒီတော့ သူတို့မှာလည်း အူရွနေကြတာပေါ့။
ဒါပေမယ့် ဆရာတွေက ပြောတယ်...
. " မင်းတို့ မလောကြနဲ့၊ သူတို့လိုပဲ မင်းတို့လည်း
. မောင်းနိုင်ကြပြီဆိုတာကို ငါတို့ သိတယ်၊ ဒါပေမဲ့
. မင်းတို့က ဂျပန်မဟုတ်ဘူး၊ တခြားနိုင်ငံက လာ
. သင်ကြတာ၊ ပစ္စည်းဆုံးလို့ ဘယ်လောက်ပဲ လျော်
. ရလျော်ရ အရေးမကြီးဘူး၊ လူဆုံးလျှင် ငါတို့လည်း
. မလျော်နိုင်ဘူး၊ နာမည်းလည်း အပျက်မခံနိုင်ဘူး၊
. သည်းခံကြဦး " တဲ့။
စဉ်းစားကြည့်လိုက်တော့ သူတို့ပြောတာလည်း ဟုတ်ပေတာပဲလို့ အောက်မေ့လိုက်မိတယ်။ ဒါတွေကို ခဏထားလိုက်ဦး။ မောင်သောင်းဒန် တစ်ယောက်ချင်း လေယာဉ်မောင်းတဲ့အခန်းကို ဖတ်ကြည့်စမ်းပါဦး...
 
ကျွန်တော်တို့ မြန်မာထဲမှာ တစ်ဦးချင်း စတင်မောင်နိုင်
သူမှာ လံဘားတပ်စိတ်မှ ကိုသောင်းဒန် ဖြစ်လေသည်။
ကိုသောင်းဒန်ကို တစ်ယောက်တည်းလွှတ်လိုက်ပြီး
ဗျာများနေသူမှာ သူ့ဆရာ " ဖူဂျီဂါမိ " ဖြစ်လေသည်။
ဝိုင်ယာလက် စကားပြောခွက်ဖြင့် အလုပ်များနေသူမှာ
"ထောကုနာဂ" ဖြစ်တော့၏။ ကိုသောင်းဒန်သည် တစ်
ယောက်တည်း မောင်းနှင်တက်ကာ လေယာဉ်ကွင်း
တစ်ပတ် ပတ်၍ ချောမောအောင်မြင်စွာ ပြန်ဆင်းနိုင်ခဲ့
သည်။ အဆင်းတွင်လည်း သုံးဘီးထောက် လှပပြေပြစ်
စွာ ဆင်းလာနိုင်ခဲ့ပါသည်။ သူ့ဆရာ ဖူဂျီဂါမိက တပြုံးပြုံး၊
ကျွန်တော်တို့မှာလည်း သူဘေးမသီရန်မခ ချောမော
အောင်မြင်စွာ ပြန်ဆင်းလာနိုင်သည်ကြောင့် ဝမ်းသာရ
သည်က တစ်မျိုး၊ မြန်မာလူမျိုးထဲက လေယာဉ်ပျံမောင်း
နိုင်ပြီဟု ဂုဏ်ယူရသည်က တစ်ဖုံ၊ သို့မို့ကြောင့်
ကျွန်တော်တို့မှာ ပျော်လို့မဆုံး တပြုံးပြုံး။
...........
ဟိုဘက်တပ်စိတ်က မောင်သောင်းဒန်တစ်ယောက်ချင်း မောင်းခွင့်ရပြီဆိုတော့ မောင်ဉာဏ်မောင်တို့ကလည်း မောင်းချင်လှပြီပေါ့။ သူတို့ကို ဆရာက ခဏလောက် ချော့ထားလိုက်ရသေးတယ်။ ဆက်ဖတ်ပါဦး...
 
ကျွန်တော်တို့ကသာ အချင်းချင်းမို့ ပြိုင်လိုစိတ်မရှိ
ပေမင့် ဆရာအချင်းချင်းတော့ တစ်ဦးနှင့် တစ်ဦးအပြိုင်
အဆိုင်ရှိကြသည်ကို ကျွန်တော်တို့ အကဲ့ခတ်မိသည်၊
လေ့ကျင့်ခန်းများပြီးဆုံး၍ ထုံးစံအတိုင်း ကိုယ့်တပ်စိတ်
နှင့် ကိုယ် သုံးသပ်မှုများ ပြု့လုပ်သောအခါ ဖူဂျီဂါမိ၏
မျက်နှာမှာ ထန်းလျက်ရော၊ သကြားရော၊ ကြံသကာ
ရော၊ ပျားရည်ရော အားလုံးပေါင်းထားသည်ထက်ပင်
ချိုနေသေး၏။ သူ့တပည့်တွေကို သူကပြောရင်း 
ကျွန်တော်တို့ဘက်သို့. လှည့်ကာလှည့်ကာ ပြုံးလိုက်
သေးသည်။ ဤသည်ကို မြင်ရလေ ကျွန်တော်တို့က
မခံချင်လေ။
◑◑◑
‪#‎_ပီတိမျက်ရည်_‬
ဂျပန်ဆရာတွေဆိုတာကလည်း တကယ်တော့ လူငယ်တွေပါပဲ။ သူတို့ထက်ကြီးလှရင် လေးငါးနှစ်လောက်ပဲ ရှိကြမှာပေါ့။ ဒီတော့ မောင်ဉာဏ်မောင်တစ်ယောက်ချင်းမောင်းတဲ့အခါမှာလည်း သူ့ဆရာခများမှာ တစိုထိတ်ထိတ်နဲ့ ဗျာများနေတော့တာပါပဲ။ ချောချောမောမောပြန်ဆင်းလာလိုက်လို့ မြေပြင်ကို ရောက်လာတဲ့အခါမှာ ဆရာဟာ လေယာဉ်ဆီကို ပြေးလာတဲ့ပြီး မောင်ဉာဏ်မောင်ကို ဖက်လိုက်တော့ မျက်ရည်တွေ လည်နေရှာတယ်။ စိုထိတ်အဖြစ်က လွတ်မြောက်လို့ ဝမ်းသာတဲ့ ပီတိမျက်ရည်တွေပေါ့။
နောက်ပိုင်းမှာ ဂျပန်တွေက စစ်ရေးနိမ့်လာတယ်။ တိုင်းပြည်မှာလည်း စားနပ်ရိက္ခာရှားပါးလာလေတော့ ခြိုးခြံလာရတော့တယ်။ ဒီအခါမှာ သူတို့တစ်တွေဟာ တစ်နေ့ကို ထမင်းသုံးနပ်စားရတယ်ဆိုပေမယ့် ထမင်းတစ်နပ် ဆိုတာက ထမင်းဆုပ်သုံးဆုပ်နဲ့ ချဉ်ဖတ်ကလေး နှစ်ဖတ်တည်းပါပဲ။ သွေးသားတက်ကောင်းတုန်း၊ စားအား အကောင်းဆုံးအရွယ် ဖြစ်လေတော့ ဘယ်မှာ တင်းတိမ်နိုင်ပါ့မလဲ။ သို့သော်လည်း ဘယ်မှာ တက်နိုင်ပါမလဲ၊ ကောင်းလေးတွေ လိန်ပိန်နေကြရတော့တာပဲပေါ့။
◑◑◑
‪#‎_အောင်ဖြိုး_‬
နောက်ပိုင်းမှာတော့ လေ့ကျင့်ရေးလေယာဉ်တွေကိုတောင်‪#‎_ခါမိခါဇေ_‬ လို့ခေါ်တဲ့ ဗုံးတွဲအသေခံ လေသူရဲတွေအတွက် ပေးပေးနေရတော့ လေ့ကျင့်ပျံသန်မှုဟာ လုံးဝရပ်သွားတော့တာပေါ့။ ဒီကောင်လေးတွေအဖို့ အဲဒီအချိန်ဟာ စိတ်ဓာတ်အကျဆုံးအချိန်ပါပဲလို့ ဖတ်နေရင်း ခံစားလိုက်ရပါတယ်။ ဒါတောင်မှ စိတ်မလျှော့ကြဘူး။ သူတို့ဆရာက...
. " ကဲကွာ ဒီလောက်တောင် ဖြစ်နေမှတော့ ပျက်နေလို့ တောထဲမှာ ပစ်ထားတဲ့ လေယာဉ်တွေကို ရအောင်ပြင်နိုင်ရင် မင်းတို့ကို ပျံခွင့်ပေးမယ် "
လို့ ဆိုလိုက်တော့ သူတို့တစ်တွေဟာ အားကြိုးမာန်တက်လိုက်ရှာပြီး " အောင်ဖြိုး " လို့ သူတို့ မြန်မာနာမည်ပေးထားတဲ့ လေယာဉ်ကို ဂျပန်စက်ဆရာနဲ့ ပြင်လိုက်ကြတာ ပျံသန်းနိုင်တဲ့အခြေအနေ ရောက်လာပါလေရော။
ဒီအကြောင်း သူတို့ဆရာကို သတင်းပို့လိုက်တော့...
. " ဟ! ငါက မဖြစ်နိုင်ဘူးထင်လို့ မင်းတို့ကို စိတ်ပြေလက်ပျောက် ဖြစ်ပါစေကြောင်း ပြောလိုက်တာ ငါ့မှာ ဆီပေးစရာ မရှိဘူးဟ "
လို့ ပြောလိုက်တော့ ကောင်လေးတွေဟာ တစ်ခါတည်း ပန်လန်လက် ပက်လက်လန် ဆိုတာမျိုး ဖြစ်သွားတာပေါ့။
ဒါနဲ့ သူတို့ကို ဆရာက သနားပြီး...
. " ကိုင်း ! ဒီလိုလုပ်ကွာ၊ အယ်လ်ကိုဟောလ် ( အရက်ပြန် ) ထည့်မောင်းလို့ရရင် ငါ မင်းတို့ကို မောင်းခွင့်ပေးမယ်၊ အရက်ပြန်နဲ့ ရအောင်လုပ်ကြည့် "
ဆိုတော့ စိတ်အားထက်သန်လာကြပြီး စက်ကို ပြု့ပြင်ကြပြန်တာပေါ့။ ဆရာက တော်ရှာပါပေတယ်။ ကလေးတွေကို အမောင်းမခိုင်းဘူး။ သူကိုယ်တိုင် စမ်းပြီးမောင်းကြည့်လိုက်သေတယမ။ ဆရာ့မှတ်ချက်ကလေးကို နားထောင်ကြည့်ပါဦး...
. " မင်းတို့လေယာဉ်ပျံကို မောင်းရတာ အရသာရှိတယ်ဟေ့! အရက်နံကလေးတသင်းသင်းနဲ့ " တဲ့။
ကျွန်တော်လေ "အရက်နံလေး တသင်းသင်းနဲ့" ဆိုတာလေးကို ဖတ်ရင်း သဘောကျနေရာက ဗြုန်းဆို ရုတ်တရက် လေယာဉ် အသိမ်းခံလိုက်ရတာ ရောက်သွားတော့ ကောင်လေးတွေကို သနားလိုက်တာ။
ဒီကောင်လေးတွေ ငယ်ခဲ့ပုံ ဖတ်နေရင်း သူတို့ကို ချစ်သနားနေမိတယ်။
◑◑◑
‪#‎_အဝါတာ_အဝါတာ_‬
ဗိုလ်ဉာဏ်မောင်နဲ့ ဦးကြည်ခင်တို့ရဲ့ စာအုပ်တွေမှာ မထင်မှတ်တဲ့ ထောင့်ကြိုထောင့်ကြား မှတ်သားစရာကလေးတွေကို မကြာခဏ တွေ့ရတက်ပါတယ်။
ဥပမာဆိုပါတော့... ဂျပန်ပြည်မှာရှိတဲ့ မြန်မာသံရုံးအကြောင်းကို ရေးထားတာမှာ...
 
. " ဧည့်ခန်းအတွင်းဝယ် လူတစ်ရပ်ခွဲနီးပါး မြင့်သော
. အဓိပတိကြီး၏ ကြေးရုပ်ကို တွေ့ရ၏။ သိုရင်းအင်္ကျီ၊
. ခေါင်းပေါင်း၊ တောင်ရှည်ဝတ် အဓိပတိ၏ ကြေးရုပ်
. ကြီးမှာ ခံ့ညားလျက် နေပါ၏ " တဲ့။
............
အဲဒီကြေးရုပ်ဟာ ရှိသေးသလား၊ မရှိတော့ဘူးလား မသိတော့ပါဘူး။
ဗိုလ်ဉာဏ်မောင်ရဲ့ စာအုပ်မှာ ထိတ်လန့်စရာလည်းပါတယ်။ ရယ်မောစရာတွေလည်းပါတယ်။ ကြေကွဲဝမ်းနည်းစရာတွေလည်းပါတယ်။ ကျွန်တော်ရယ်မိတာလေး တစ်ကွက်ကို ထုတ်ပြလိုက်ပါဦးမယ်။
မြန်မာသံအမတ်ကြီးက ဒေါက်တာသိန်းမောင်။
သူ့ကို သွားပြီးတွေ့ဆုံ ဂါရ၀ပြု့ဖို့အတွက် မြန်မာသံရုံးကို သွားကြတော့ သူတို့ကို မြန်မာပြည်ကစပြီး ဂျပန်အထိ ဦးဆောင်လာခဲ့တဲ့ " မစ္စတာဝါနာဘေ " ဆိုတဲ့ ဂျပန်အဘိုးကြီးလည် ပါလာတယ်။ ဗိုလ်ဉာဏ်မောင်ရေးတာကို ဖတ်ကြည့်ပါ...
 
. သံအမတ်ကြီးသည် စကားပြောလျှင် ထစ်လေ့ရှိ၏။
သူထစ်သောအခါ အဝါတာ...အဝါတာ...ဟု ပြောလေ့
ရှိ၏။ ဥပမာ...အဲ တွေ့ရတာ ဝမ်းသာပါတယ် အဝါတာ၊
ဂျပန်ပြည်က သိပ်အေးတော့ အဝါတာ.. ကျန်းမာရေး..
အဝါတာ..ဂရုစိုက်ကြဖို့..အဝါတာ...လိုမကွဲ့. စသည်
ဖြင့် ဖြစ်ပါသည်။
သံအမတ်ကြီးက. အဝါတာဟု တစ်ခါထစ်လျှင် ကျွန်
တော်တို့နှင့် ပါလာသူ အဘိုးကြီးဝါတာနာဘေက သူ့
ကိုခေါ်သည်အထင်နှင့် ဖင်တစ်ခါမြောက်လာ၏။
နောက်တစ်ခါထစ်လျှင် နောက်ထပ်မြောက်ပြန်၏။ သူ့
ဘာသာသူ စိတ်မလုံသဖြင့် ဟိုကြည့်သည်ကြည့် ရှိရှိ
နေရာ အနီးကလူက သူ့ပေါင်ကို အသာဖိထားရ၏။ ပြီး
၍ လူစုကွဲသောအခါမု သံအမတ်ကြီး စကားထစ်ခြင်း
ဖြစ်ကြောင်း ရှင်းပြရ၏။
............
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်မှ ဖြစ်ရလေ။
အံမယ်... ပြောရဦးမယ်။ နောက်ပိုင်း အခမ်းအနားတစ်ခုမှာ သံအမတ်ကြီး သဝဏ်လွှာဖတ်တော့ စကားတစ်ချက် မထစ်ဘူးဆိုပဲ။ ဗိုလ်ဉာဏ်မောင်ကတောင် အံသြလို့။
သူတို့ဟာ အမေရိကန်လေတပ်ရဲ့ဗုံးဒဏ်။ စက်သေနတ်ဒဏ်တွေကို အလူးအလဲခံခဲ့ကြရတယ်။ လေယာဉ်ကွင်းကို ခဏခဏလာပြီး လေကြောင်းကတိုက်လို့ ရွာနီးချုပ်စပ်ကို ပြေးပြီးနေခဲ့ရတဲ့အခါလည်း ရှိခဲ့တယ်။ သည်လိုဖြစ်လာတော့လည်း ကျေးလက်က လူတွေကလည်း သူတို့ကို ချစ်ကြတယ်။ အထူးသဖြင့် ကလေးတွေဟာ သူတို့ကို ပိုချစ်ကြတယ်။ ဂျပန်လူမျိုးကလေးငယ်တွေဟာ စစ်သားတွေကိုချစ်ကြတယ်။ အထူးသဖြင့် လေတပ်ရဲဘော်တွေကို ပိုချစ်ကြတယ်။ သူတို့ နောက်ဆုံးစစ်အပြီးမှာ မြန်မာပြည်ကိုပြန်ဖို့ ပြင်ဆင်ကြတော့ ဂျပန်မိသားစုတစ်ခုက ကလေးတွေဟာ သူတို့ကို သိပ်တွယ်တာနေကြပြီ။ လွမ်းစရာကောင်းလိုက်တာ၊ ဖတ်ကြည့်စမ်းပါ...
 
. " မအေးဒေါ့ " ရွာမှ အဘွားကြီးနှင့် သားသမီးများဖြစ်
. သော 'ဥဝေမူရ' နှင့် 'ရှောရှိကို' တို့ကမူ 'တကမတ်စု'
. သင်္ဘေိာဆပ်အထိ လိုက်ပါပို့ဆောင်ကြ၏။ ရှောရှိကို
. သည်လောက်မဟုတ်သော်လည်း ဥဝေမူရကမူ
. ရိုက်ကြီးတငင်ငိုပါလေ၏။ 
. " ကျွန်တော်ကြီးလျှင် မြန်မာပြည်ထိလိုက်မယ် " ဟု
. လည်း ပြောသေးသည်။ အဘွားကြီးနှင့် ကျွန်တော်
. တို့က မနည်းချော့ရ၏။ သူတို့သည် ကျွန်တော်တို့
. 'တကမတ်စု'၌ရှိစဉ် အတွယ်တာဆုံး၊ သံယောဇဉ်အ
. ကြီးဆုံး ကလေးများဖြစ်ကြ၏။ ခုချိန်ဆိုလျှင် သူတို့
. အသက်သုံးဆယ်ကျော် အိမ်ထောင်လျက်သားများ
. ကျကုန်လေပြီလား။
◑◑◑
အဲဒီလို သူတို့ " ငယ်ခဲ့ကြပုံ " ကို ပြောပြီး သူတို့ "လူလားမြောက်ခဲ့ပုံ" လေးကို ဗိုလ်ဉာဏ်မောင်က လွမ်းလွမ်းဆွေးဆွေး၊ တွေးတွေးဆဆလေးရေးသွားပုံဟာ ဖတ်လို့ကောင်းလှပါတယ်။
. "ကျွန်တော်တို့ 'တကမတ်စု'မှ ထွက်ခဲ့ကြပါပြီ။ တက
. မတ်စုတွင် ကျွန်တော်နေခဲ့ရသည်မှာအပျော်ဆုံးဖြစ်၏
. ကျွန်တော်တို့ကို တကမတ်စုကွင်းမှ လူလားမြောက်
. စေခဲ့သည်ဆိုလျှင် မမှားနိုင်ဟု ယူဆပါဝည်။ 'တကဟ
. ဂိကွင်း' တွင် ပညာသင်ရစဉ်က မှီခိုအားကိုးရမည့်သူ
. ကိုရှာသည်။ မှီခိုအားကိုးလိုစိတ်ဖြင့် 'ပြု့'မှ'နု'ချင်သည်၊
. တကမတ်စုရောက်သောအခါ အခြေအနေဖန်တီးချက်
. အရကိုယ့်ခြေပေါ်ရပ်ကာ ကိုယ့်အားကိုယ်ကိုးရသည်။
. ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိလာကြသည်။ တက
. မတ်စုတွင် ကျွန်တော်တို့ လေကြောင်းပညာသင်ယူရုံ
. သာမက ပေါင်းသင်းဆက်ဆံရေးနှင့် လူမှုရေးပညာရပ်
. များကိုပါ အတွေ့အကြုံအရ လေ့လာ ဆည်းပူးနိုင်ခဲ့ကြ
. ပါသည်။ သင်ခန်းစာယူနိုင်ကြပါသည်။ ကျွန်တော်တို့
. တကမတ်စုတွင် နေစဉ်ပျော်ရွှင်ကြည်နူးကြရသည့် အ
. ခါများလည်းရှိ၍ ဆင်းရဲပင်ပန်းညှိုးနွမ်းကြရသည့် အခါ
. များလည်း ရှိခဲ့လေသည်။ သာသည့်အခါ သာ၍ နာသ
. ည့်အခါ နာသည့်အလျောက် ပေါ်ပေါက်လာသည့် အ
. ခြေအနေကို ကျွန်တော်တို့ ( ၁၀ ) ယောက် ကြံ့ကြံ့ခံ၍
. ရင်ဆိုင်နိုင်ခဲ့ကြသည်။ စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွ
. တ်စွာ ကျော်လွှားနိုင်ခဲ့ကြသည်။ တိုတောင်းသောအ
. ချိန်ကာလအတွင်း ဘဝ၏ သင်ခန်းစာအမျိုးမျိုးကို
. ကြွယ်ဝစွာ ပေးနိုင်သောကြောင့်ပင် ဤတကမတ်စု
. လေယာဉ်ကွင်းကို ကျွန်တော်တို့ ခုံမင်တွယ်တာကြသ
. ည်။ ထိုနေရာတွင် ကျွန်တော်တို့ ပျော်ကြသည်။ သို့
. သော် ပျော်ရာ နေချင်လည်း မနေရပါတကား။ ။
............
မြန်မာပြည်မှာ ဖက်ဆစ်တော်လှန်ရေးကြီး လုပ်နေတာကို သူတို့နဲ့ ဘာမျှမဆိုင်သလို ဆရာပီသစွာ ပညာသင်ပေးနေခဲ့တဲ့ ဂျပန်လေတပ်ကဆရာတွေကိုလည်း အထင်ကြီးမိတယ်။ ဗိုလ်လောင်းဆယ်ယောက်ကို လေးကြောင်းပညာသင်ပေးပါ့မယ်ဆိုတဲ့ ကတိကို ပြီးဆုံးသည့်တိုင် ထိန်းသိမ်းသွားခဲ့တဲ့ ဂျပန်လူကြီးပိုင်းကိုလည်း လေးစားမိတယ်။
အနုမြူဗုံးကြောင့် ရုတ်တရက်စစ်ကြီးပြီးသွားလိုက်တဲ့အခါမှာ အဲဒီအချိန်က စစ်သံမှူးအဖြစ် ဆောင်ရွက်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးစကြာက ဂျပန်ပြည်ရောက်နေတဲ့ ကောင်လေးတွေကို သူ့ညီငယ်လေးများလို သဘောထားပြီး တာဝန်သိသိနဲ့ စုစည်းပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ခဲ့တာကိုလည်း လေးစားရိုသေမိပြန်တာပါပဲ။
◑◑◑
‪#‎_မောင်ကြည်ခင်တို့အကြောင်း_‬
မောင်ကြည်ခင်လို့ ခေါ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ဖွားသက္ကရာဇ်က ( ၃၀-၉-၁၉၂၁ ) အသက် 
ဒီလို ရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို မောင်ဘယ်သူ ဘယ်ဝါ စသည်ဖြင့် ခေါ်ရတာဟာ အားနာဖို့အလွန်ကောင်းပါတယ်။ ဒါပေမယ့် သူတို့တစ်တွေ " ငယ်ခဲ့ပုံ "ကို သတိုပြု့မိစေချင်လို့ပါ။
မောင်ဉာဏ်မောင်တို့ မောင်သောင်းဒန်တို့ ဂျပန်ပြည်သွားခဲ့ရတာ စစ်ဘက်ဆိုင်ရာ ပညာတော်သင်၊ မောင်ကြည်ခင်တို့က အရပ်ဘက်ဆိုင်ရာ ပညာတော်သင်၊ အရပ်ဘက်ဆိုင်ရာဆိုတော့ စစ်ပညာသင်လောက် အန္တရာယ်မကြီးဘူးလို့ ရုတ်တရက် ထင်လိုက်စရာအကြောင်းရှိတယ်။ ဖတ်ကြည့်လိုက်တော့မှ "ဟ..မချောင်ပါလား" လို့ အောက့်မေ့လိုက်မိတယ်။ လမ်းမှာလည်း သူတို့သင်္ဘောအုပ်စုကို ရန်သူရေငုပ်သင်္ဘောက တိုက်ခိုက်လို့ ကုသိုလ်တွေ အများကြီး ရကုန်တာပေါ့။ သမ္ဗုဒ္ဓေကစပြီး ရသမျှ ဘုရားစာတွေ အကုန်ရွတ်ကြရတော့ကိုး။
◑◑◑
‪#‎_ငတ်လိုက်တာစပ်စပ်မြည်_‬
ဟိုမှာ ပညာသင်ကြတော့လည်း ကောင်လေး သုံးယောက်ဟာ ဟီရိုရှီးမားကနေပြီး တခြားတစ်နေရာကို ပြောင်းပို့လိုက်လို့ ရက်မကြာလိုက်မီမှာပဲ အနုမြူဗုံးချတော့တာ။ ကပ်ပြီးလွတ်သွားတာပေါ့။ နို့မဟုတ်ရင် မြန်မာထဲက အနုမြူဗုံးခံရသူ မှတ်တမ်းဝင်ကို ဖြစ်သွားမှာ။
ဂျပန်ပြည်မှာ နေရစားရတာကလည်း " ငတ်လိုက်တာ စပ်စပ်မြည်ပါလေရော " ဆိုတာမျိုးပါပဲ။ နောက်ပိုင်း မြန်မာပြည်ပြန်လာတော့ လမ်းခရီးမှာ အစားအသောက်ဆင်းရဲတာလေးတွေနဲ့ ကြုံလိုက်ရင် သူတို့ ကြွေးကြော်သံက " ဂျပန်ပြန် ဘာမဆို အကုန်စားသည် " တဲ့လေ။ ဖတ်နေရင်းနဲ့ ရယ်လိုက်မိသေးတယ်။
ပညာရပ်တွေက ရော်ဘာလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ ပညာရေး၊ ဓာတ်သတ္တု၊ ရေကြောင်းသိပ္ပံ၊ စက်ရေယာဉ်တည်ဆောက်ရေး စသည်ဖြင့် အများကြီးပါပဲ။
" ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပြည်ရောက် ပညာသင်သုံးကျိပ် "
စာအုပ်ကို ရေးသူက ကြည်ခင်( လျှပ်စစ်ဓာတ်အား ) ဖြစ်ပါတယ်။ ၁၉၉၅ အမျိုးသားရေးဆောင်ပုဒ်များ ကျမ်းစာမူ ပထမဆုရ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြိုးစားပမ်းစား မှတ်တမ်းမှတ်ရာတွေကို ရှာဖွေပြု့စုတဲ့အချိန်မှာ ဦးကြည်ခင်ဟာ အသက် ၇၃ လောက် ရှိနေခဲ့ပြီ။ ဒါပေမယ့် ၁၉၄၄ ခု ဂျပန်ပြည်ကို ပညာသင်သွားတော့ မောင်ကြည်ခင်ဟာ ၂၃ ပဲ ရှိသေးတယ်။ ဆယ်တန်းအောင်တဲ့သူတွေကို ပညာသင်လျှောက်လွှာခေါ်တော့ မောင်ကြည်ခင်လည်း သွားလျှောက်ပါတယ်။ သူက စစ်ဖြစ်တဲ့အချိန်မှာ သင်္ချာဂုဏ်ထူးတန်းကိုတောင် တက်နေပြီ ဖြစ်လေတော့ သူက " ဘဏ်နှင့် ငွေစာရင်းပညာ " သင်ယူဖို့ လျှောက်တာပါ။ လူတွေ့စစ်မေးတဲ့အခါမှာလည်း လူကြီးတွေက သူ့ကို သဘောကျတယ်။ ဒီပညာရပ်အတွက် သင့်တော်တဲ့သူလို့လည်း သတ်မှတ်တယ်။
" မောင်ရင်လျှောက်ထားတဲ့ ဘာသာရပ်အတွက် မောင်ရင့်အရည်အချင်းက အကောင်းဆုံးမို့ မောင်ရင်ကို ရွေးချယ်ရမှာပဲ၊ ဒါပေမယ့် ဦးတို့မှာက 'ရေအားနှင့် ဆည်းမြောင်း' အတွက် သင့်တော်တဲ့သူ မရဘဲ ဖြစ်နေတယ် "
လို့ ပြောလိုက်တော့ မောင်ကြည်ခင်က ချက်ချင်းပဲ...
" အဲဒီဘာသာရပ်ကို ကျွန်တော်ယူပါမယ် " လို့ ပြောလိုက်တယ်။
◑◑◑
အဲဒီနောက် သူတို့ကိုလည်း လေကြောင်းပညာသင်တွေလိုပဲ မော်လမြိုင်ကတစ်ဆင့် ရထားနဲ့ပို့တာကိုး။ မော်လမြိုင်မှာ ညအိပ်ကြတော့ လေကြောင်းရန်ကို ကြုံရသေးတယ်။ သူတို့အိပ်တဲ့အိမ်နဲ့ ကပ်လျက်ခြံကအိမ်ဟာ ဗုံးဒဏ်ကြောင့် မီးလောင်သွားတယ်။ သူတို့ ဗုံးခိုကျင်းနားမှာလည်း စက်သေနတ်ရာတွေ မွနေတာပဲ။ ဒီတော့ ဂျပန်စစ်ဗိုလ်တစ်ယောက်က သူတို့ကို ရှေ့ဆက်သွားမလား၊ မသွားချင်တော့ရင်လည်း အိမ်ပြန်နိုင်ကြောင်း၊ ပြန်ပို့ပေးမယ့် အကြောင်းကို လာပြောတယ်။
သူတို့ဘယ်လို အန္တရာယ်မျိုးကို ရင်ဆိုင်ရပါစေ၊ နောက်ကြောင်းမပြန်တော့ဘူး လို့ပြန်ပြောလိုက်တယ်။ တကယ့်ကိုလည်း အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်ကြရတာပါပဲ။ စစ်ဘက် လေကြောင်းပညာသင်တွေ ရင်ဆိုင်ကြရတာအောက် တစ်ပြားသားမလျော့ခဲ့ဘူး။
နောက်ပိုင်း ဂျပန်ပြည်မှာ ရိက္ခာရှားပါးလာလို့ အစား အသောက် ဆင်းရဲလာကြတဲ့အခါမှာ သူတို့ ဆင်းရဲတာက စစ်ဘက်ပညာသင်တွေထက်တောင် ပိုသေးတယ်လို့ ဆိုနိုင်တယ်။
စစ်ဘက်ပညာသင်တွေကတော့ ပညာရပ်ချင်းတူတာမို့ တစ်စုတစ်ဝေးတည်း နေခဲ့ကြရတယ်။ သူတို့ အရပ်ဘက် ပညာသင်တွေကတော့ ပညာရပ်ချင်းမတူကြလို့ ဟိုမြို့၊ ဒီမြို့ စသည်ဖြင့် တကွဲတပြားစီ နေကြရတယ်။
လေကြောင်းတိုက်ခိုက်မှု ဒဏ်ကိုလည်း အမျိုးမျိုးအဖုံဖုံ ခံခဲ့ကြရတာချည်းပဲ။ နောက်ဆုံးမှာ ပညာသင် သုံးဆယ်လောက်ဟာ တစ်ယောက်မှ အဖိတ်အစင်မရှိဘဲ ပြန်ရောက်လာကြတာ တကယ့်ကို အံ့သြဖို့ ကောင်းတယ်။ စာအုပ်ကို ဖတ်နေစဉ်က ဒီလောက်မဟုတ်ဘူး၊ နောက်မှတွေးပြီး တစိမ့်စိမ့် အံ့သြ
ကြည်ခင်( လျှပ်စစ်ဓာတ်အား ) ရဲ့ စာအုပ်ထဲက စိတ်ဝင်စားစရာကောင်းတာလေးတွေကို ဆက်ပြီး တင်ပြပါဦးမယ်။
◑◑◑
တကယ်အဖြစ်အပျက်တွေဟာလည်း တစ်ခါတစ်ရံ ဝတ္ထုထက် ဆန်းကြယ်တက်တယ်ဆိုတဲ့ စကားကို ကြဖူးပါတယ်။
ဂျပန်က လက်နက်ချလိုက်လို့ စစ်ကြီးပြီးသွားတော့ မောင်ကြည်ခင်တို့ ပညာသင်တွေ အားလုံးကို မြန်မာပြည်ပြန်ပို့တယ်။ ပထမ တိုကျိုက မနီလာကို လေယာဉ်နဲ့ ပျံရတယ်။ လေယာဉ်က ဗုံးကြဲလေယာဉ်ကြီးပါ။ ပစိဖိတ်သမုဒ္ဒရာပေါ်ရောက်တော့ ရေပြင်ကြီးကိုသာ မျှော်မဆုံးအောင် မြင်နေရလို့ ပျင်းလာတာနဲ့ မောင်ကြည်ခင်က လေယာဉ်မှူးနဲ့ သွားပြီး စကားပြောတယ်။
နောက်တော့ နာဂါဆာကီလို အေးချမ်းတဲ့ မြို့ကလေးကို ဘာကြောင့် အနုမြူးဗုံးချရတာလဲ လို့ မေးကြည့်လိုက်တယ်။ 
ပြန်ဖြေတာက...
. " အဲဒီနေ့ ( ၉ - ၈ - ၁၉၄၅ ) နေ့က ကျွန်တော်တို့ရဲ့ ပစ်
. မှတ်က နာဂါဆာကီ မဟုတ်ဘူးဗျ၊ စက်မှုလက်မှုဇုန်
. ဖြစ်တဲ့ ' ကိုကူရာ ' မြို့ဖြစ်တယ်၊ ထိုနေ့က ရာသီဥတု
. ဆိုးဝါးလွန်းလို့ ကိုကူရာမြို့ကို တော်တော်နဲ့ ရှာမတွေ့
. ဖြစ်ခဲ့တယ်၊ ဒီကြားထဲမှာ လောင်စာဆီပိုက်ကနေ ဆီ
. က စိမ့်ယိုလာပြန်တယ်၊ နောက်ဆုံး ကိုကူရာမြို့ကို
. တွေ့ဖို့. သုံးလေးပတ်ဝဲပျံပြီး ပစ်မှတ်ရှာကြတုန်းမှာ
. အောက်ကနေ. လေယာဉ်ပစ်အမြောက်တွေနဲ့ပစ်ပြီး . တိုက်လေယာဉ်တွေ ပျံတက်လာကြလို့. အနီးကပ်ဆုံး . ဖြစ်တဲ့ နာဂါဆာကီမြို့ကို ဗုံးကြဲဖို့ ဆုံးဖြတ်လိုက်ရတာ၊
. အဲဒီအခါမှာ ပစ်မှတ်ကို ရှာဖို့ရာ လေယာဉ်ပျံဆီတိုင်ကီ
. ထဲမှာက အပြန်အတွက် လောက်ရုံသာ ဆီကျန်တော့
. လို့. ပစ်မှတ်ကို အသေအချာ မဟုတ်ဘဲ မှန်းဆပြီး ဗုံး
. ကြဲရလို့ ပစ်မှတ်နဲ့ နှစ်မိုင်လောက် လွဲသွားတယ် "
◑◑◑
‪#‎_ငါတို့နှမ_အေဒါချီ_‬
အဲဒါမျိုးလေးတွေ ဖတ်ရတာဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ထပ် အံအားသင့်စရာလေးတစ်ခုကို တင်ပြလိုက်ချင်ပါတယ်။ မြန်မာကျောင်းသား တစ်ကျိပ်နီးပါးလောက်က ကျိုတိုတက္ကသိုလ် အဆောင်တစ်ခုမှာ နေရတယ်။ သူတို့ကို အိမ်ရှင်မလေးလို စောင့်ရှောက်ဖို့ အသက် ၂၀ လောက်ရှိတဲ့ ဂျပန်မလေးတစ်ယောက် ထားပေးတယ်။ နာမည်က " မစ္စအေဒါချီ " တဲ့။ ကလေးမက သူတို့အင်္ကျီအဝတ်အစားတွေကအစ ပင်းမင်းပေးတန်းပေး အစုတ်အပြဲတွေ့ရင် ဖာထေးပေး ဆိုတာမျိုးကို သီးချင်းလေး တအေးအေးနဲ့ လုပ်ရိုင်ပေးတော့ သူတို့တစ်တွေက နှမလးအေရင်းလို ဝိုင်းချစ်ကြတယ်။ နောက်ပိုင်းမှာ ကလေးမဟာ ပျော်ပျော်ရွှင်ရွှင်မရှိဘဲ ငေးငေးငိုင်ငိုင်ဖြစ်လာတာကို သူတို့ သတိထားမိကြတယ်။ ဒါနဲ့ အကြောင်းအရင်းကို ရှာကြတော့ သူတို့ မရှိခိုက်မှာ ဒီကလေးမလေးဆီကို " ဖူဂျီမိုတို " ဆိုတဲ့ ရဲစုံထောက်တစ်ယောက် လာတက်ကို သတနထားမိသွားကြတော့ ဒါကြောင့်ဖြစ်မှာပဲဆိုပြီး ကလေးမကို ပြောင်ဖွင့်မေးတယ်။ ကလေးမက သူ့ကို ထောက်လှမ်းသတင်းပေးဖို့ ဒီမှာထားထာတာဖြစ်ကြောင်း ဝန်ခံတယ်။ သူက ဘာသတင်းမှ မပေးပါကြောင်း ပြောပြတယ်။ ပြောပြရုံမကဘူး၊ ပြတင်းပေါက်က ခုန်ချပြီး သူ့ကိုယ်သူ သေကြောင်းကြံလို့ သူတို့က မနည်းဆွဲပြီး ဖျောင်းဖျနှစ်သိမ့်လိုက်ရသေးတယ်။ ကလေးမလေးကိုယ်တိုင်ကလည်း သူတို့ရဲ့ ဖြူစင်သန့်ရှင်းစွာ ချစ်ခင်မှုကြောင့် သံယောဇဉ်တွယ်သွားမိလို့ ရှက်တာ၊ အားနာတာတွေ ဖြစ်သွားရှာတယ်နဲ့ တူပါတယ်။ ဦးကြည်ခင် ရေးထားတာကို ရြည့်ပါဦး...
 
. " ထိုကဲ့သို့ ဖြစ်ပြီးနောက် ဖူဂျီမိုတို လာတက်သည့်နေ့
၌ ကျောင်းမှနေ့ခင်း တိတ်ဆိတ်စွာ ပြန်လာကြပြီး ၎င်း
အလာကို ချောင်းကြရာ နောက်နှစ်ရက်အကြာ၌ ဖမ်းမိ
ပါသည်။ ကျွန်တော်တို ၄ - ၅ ယောက်သည် ၎င်းကို
ဧည့်ခန်းထဲဖိတ်ခေါ်ပြီးလျှင်... " ကဲ... ခင်ဗျား ကျွန်တော်
တို့အကြောင်း ဘာသိချင်လဲ " ဟု မေးလျှင် ၎င်းမှာ ခွေး
အကြီးလှည်းနင်းဆိုသလိုဖြစ်နေရာ ကျွန်တော်တို့က
"ငါတို့ မြန်မာနှင့် ဂျပန်အစိုးရတို့ရဲ့ ပညာတော်သင်တွေ၊
သူလျှို မဟုတ်ဘူး။ ဒါကြောင့် စုံစမ်းစရာရှိလျှင် ငါတို့ကို
တိုက်ရိုက်လာတွေ့ပါ။ နောက်နောင် တို့နှမ အေဒါချီကို
စိတ်ဆင်းရဲအောင် လာလုပ်ရင် ငါတို့နဲ့ အတွေ့ပဲ " ဟု
ချဲလိုက်ရာ ဖူဂျီမိုတိုမှာ နောက်ထပ်ပေါ်မလာတော့ပါ။
ထိုအချိန်မှစ၍ ကျွန်တော်တို့ တစ်တွေ ယခင်ကလို
ပျော်ရွှင်စွာ နေထိုင်ကြပါသည်။
.................
" နောက်နောင် ငါတို့နှမ အေဒါချီကို စိတ်ဆင်းရဲအောင် လာလုပ်ရင် " ဆိုတဲ့ စကားလေးကို ဘယ်လို သဘောကျမိမှန်း မသိဘူး။ ဟိုကလေးမကလည်း သိပ်ကျေနပ်ရှာမှာပဲ။ နောက်ပြီး ဖူဂျီမိုတို ဘက်ကကြည့်လိုက်ရင်လည်း မသင်္ကာစရာ မရှ်ိတော့တဲ့အပြင် သူတို့ ဂျပန်အမျိုးသမီးလေးတစ်ယောက်ကို တကယ့်နှမရင်းချာကို ချစ်ခင်ကြတာကို တွေ့လိုက်ရတော့ သူတို့အပေါ် နှစ်သက်သွားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း နောက်ထပ် ပေါ်မလာတော့တာ ဖြစ်မှာပေါ့။ အဲဒီလို မထင်မှတ်တဲ့ ဖြစ်ရပ်ကလေးတွေဟာ ဝတ္ထုဖတ်ရသလိုလိုပါပဲ။ ကိုယ့်မြန်မာကျောင်းသားလေးတွေကိုလည်း တကယ့် ငနဲလေးတွေပါလားလို့ အောက်မေ့မိလိုက်ပါတယ်။
◑◑◑
သူတို့တစ်တွေ ရောက်သွားခဲ့တဲ့ ဂျပန်ပြည်ဟာ စီးပွားရေး ကောင်းမွန်နေတဲ့ ဂျပန်ပြည် မဟုတ်ဘူး။ စစ်ရေးနိမ်လာလို့ ငတ်ပြတ်နေတဲ့ ဂျပန်ပြည်။ ရန်သူလေတပ်က ဗုံးတွေ တဝေါဝေါကြဲ၊ မီးတွေတဟုန်းဟုန်းလောင်၊ စက်သေနတ်တွေ တဒက်ဒက်ပစ်နေတဲ့ စစ်အတွင်းဂျပန်ပြည်။
ဂျပန်တွေ စားသောက်ရပုံကို ကြည့်ပါဦး...
 
. ဂျပန်လူမျိုးအတွက် ဆန်ရိက္ခာရာရှင် လူတစ်ယောက်
အတွက် တစ်နေ့လျှင် ကိုရီးယား ဆန်ညို နို့ဆီဘူးတစ်
ဝက်သာသာ ( ၁၅၀ )ဂရမ်သာ ရလျက် ဟင်းလျာအဖြစ်
တစ်ပတ်လျှင် မုန်လာဥနှစ်တောင့်၊ သခွားသီးနှစ်ခုနှင့်
ငါး ( ၁၀ ) ဂရမ် မျှသာ ရှိပြီး နှစ်လ၊ သုံးလလျှင် အသား
အသားတစ်ကြိမ်သာ ရကြပါသည်။ နောက်ပိုင်း၌
ထိုထက်ပင် နည်းပါးသည်။
................
‪#‎_နှစ်ပေါင်းခုနှစ်ဆယ်လောက်က_လူငယ်တွေ_‬
မြန်မာကျောင်းသားတွေကိုတော့ အထူးအခွင့်အရေး ပေးတဲ့အနေနဲ့ တစ်နေ့သုံးနပ်စာအတွက် ဆန်နို့ဆီဘူး တစ်လုံး ပေးတယ်။ နောက်ပိုင်းကျတော့ မပေးနိုင်တော့ဘူး။ ဆန်နို့ဆီဘူးတစ်ဝက်မှာ ပဲပုပ်စေ့ အားလူးဖြည့်ပြီး ပေးတယ်။ အလွန်စားအားကောင်းတုန်းအရွယ်၊ သွေးသားတက်တုန်းအရွယ်မှာ ဘယ်လောက်ဆာလိုက် မွတ်လိုက်ကြမလဲဆိုတာ မှန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့က စီးကရက်ရာရှင်တော့ တစ်ပတ်မှာ ရှစ်လိပ်ရကြတယ်။ စစ်ဘက် ပညာသင် ကောင်လေးတွေက မရကြရှာဘူး။ ဒီတော့ သူတို့က စုပေးထားကြတယ်။ စစ်ဘက်က ကောင်လေးတွေကလည်း တောတွင်းစစ်ဆင်ရေး လေ့ကျင့်ရင်း မီးသွေးဖုတ်ရောင်းပြီး ရတဲ့ပိုက်ဆံကလေးနဲ့ သူတို့အတွက် မုန့်လုံးကြီး တစ်ပတ်တစ်ခါဝယ်လာပေးရရှာတယ်။ ကမ္ဘာစစ်ကြီးအတွင်း တိုင်းတစ်ပါးရောက် မြန်မာပညာတော်သင် လူငယ်လေးတွေရဲ့ အဖြစ်က ချစ်စရာ၊ သနားစရာလေးတွေနော်။
ဒီကြားထဲမှာ ရာသီဥတုကလည်း တစ်မှောင့်။
ဇန်န၀ါရီ လောက်ရောက်တော့
ရေခဲမှတ်အောက် ၅ - ဒီဂရီ ၁၀ -ဒီဂရီစင်တီဂရိတ်ထိအောင် ကျလာတယ်။ ဒီတော့ ပါးမို့၊ နှာခေါင်းဖျား၊ နားရွက်ဖျားတွေမှာ သွေးခြည်ဥလာတယ်။ နောက်ပြီး ပြာနှမ်းလာပြီး အက်ကွဲလာတယ်။ အထိမခံနိုင်အောင် နာလာတယ်။ ဆေးလိမ်းလို့ ပျောက်တာမျိုးလည်း မဟုတ်ဘူး။ ဖေဖော်ဝါရီလကုန်မှ အလိုလိုပျောက်သွားတော့တာ။
သူ့စာအုပ်မှာ အရပ်ဘက်ပညာသင်တွေရဲ့ နာမည်အရင်းတွေလည်း ပါပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ရော်ရမ်းပြီး တွေးမိတာက သူတို့တစ်တွေ အားလုံးရှိကြသေးရဲ့လား။ နှစ်ပေါင်းကလည်း ခြောက်ဆယ်ကျော်ခဲ့ပြီဖြစ်လေတော့ တချို့လည်း သက်ရှိထင်ရှားရှိကြတော်မယ် မဟုတ်တော့ပါဘူး။ သူတို့တစ်တွေ ဘာတွေဖြစ်လို့ ဘာတွေလုပ်ခဲ့ကြသေးသလဲ ဆိုတာ စိတ်ထဲက မှန်းကြည့်နေမိတယ်။ နိုင်ငံရေး အခြေအနေအပြောင်းအလဲကြီးတွေမှာ ပါသွားကြသလား။
" ဗိုလ်ဉာဏ်မောင် " နဲ့ " ဦးကြည်ခင် " တို့ရဲ့ စာအုပ်တွေကို ဖတ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနှစ်ဆယ်လောက်တုန်းက လူငယ်တွေကိုလည်း ချစ်မိနေပါတော့တယ်။
◑◑◑
ကိုးကား /
" စစ်အတွင်း လေကြောင်းပညာသင် အတွေ့အကြုံများ "
( ဗိုလ်ဉာဏ်မောင် )
" ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရောက် ပညာသင်သုံးကျိပ် "
( ကြည်ခင် - လျှပ်စစ်ဓာတ်အား )
" မျိုးဆက်ဟောင်းကြီးတွေ "
( အောင်သင်း )

Credit; Ko Yan Naing