Thursday, February 9, 2017

အဖော်မဲ့

************အဖော်မဲ့**************
 သီသီမာသည် ပြတင်းပေါက် ပေါင်ပေါ်တွင် လက်ဝါးနှစ်ဖက်ကို ထောက်၍ အားပြုကာ လေးလံတုံ့ဆိုင်းနေဟန်ရှိသော ခန္ဓာကိုယ် အပေါ်ပိုင်းကို လက်မောင်းနှစ်ဖက်၏ ထောက်ကန်အားပေါ်မှာ မတ်မတ်ဆန့်ထားလိုက်၏ ။
လည်တိုင်ဖြူဖြူသေးသေးကို ဆန့်တန်းထားပြီးဖြစ်ရာ မျက်ဝန်းထဲသို့ ပြာမှိုင်းမှိုင်း ဝါဖန့်ဖန့် ညနေ၄နာရီ ကောင်းကင်ကြီးသည် လေးတွဲ့တွဲ့ လျောဝင်လာသည်။သီသီမာ တွေ့ရသည်က မြောက်ဘက် ကောင်းကင်ယံ ဖြစ်ပြီး တိမ်မရှိ၊ ပျံသန်းနေသော ကျေးငှက်တို့ မရှိကြဘဲ ပျင်းရိစရာ ဗလာကျင်းနေသည်။
အကြည့်လမ်းကြောင်းကို နှိမ့်ချလိုက်သောအခါ နေရောင်ခြည်ထဲမှာ လှုပ်ခါစိုလဲ့နေသော ညိုဖြောင့်ဖြောင့် အသားဆိုင်တွေကို တွေ့ရသည်။ကျောပြင်ကျယ်ကျယ်၊ပုခုံးလက်ရုံး ကြွက်သားစိုင်တွေ ပြည့်တင်းတင်း၊ခါးကကျဉ်းပြီး တင်ပါးကရှူးကာ ပုဆိုးတိုတိုအောက်နားစက ပြင်ဘက်မှ မဲပြောင်ပြောင် ခြေသလုံးတစ်စုံသည် ပုလွေရိုးအလား သေးလှီဖြောင့်မတ်ကြသည်။ထူးခြားသည်မှာ ညာဘက်ခြေသလုံးက ဝဲဘက်ခြေသလုံးလို ပုံမှန်အရွယ်အစား မဟုတ်ပဲ သိမ်ချိုင့်ပိန်ဟိုက်နေခြင်း။ငယ်ငယ်က တောမှာ မြွေဆိုးကိုက်ခံခဲ့ရပြီး ဘေးဆိုးဒဏ်ချက်၏နောက်ကျန် ခြေရာဖြစ်သည်။လမ်းလျှောက်လျှင် ထိုခြေထောက်က မသိမသာ တရွတ်ဆွဲချင်သည်။ သြော်....သနားစရာ စိုးသက်အောင် ။
ချွေးတလုံးလုံးဖြင့် ပေါက်တူးကို မြှောက်ကာမြှောက်ကာ လွှဲရမ်း၍ မြက်ရိုင်းတွေကို ရှင်းလင်းနေသော စိုးသက်အောင်ဆီမှ သီသီမာ မျက်စိမလွှဲနိုင်။ခုလိုအချိန်မှာ စိုးသက်အောင်ကို ခြေတစ်ဖက် မသန်စွမ်းသူဟု ဘယ်သူပြောနိုင်မှာလဲ။
စိုးသက်အောင်က "မသန်ပေမယ့် စွမ်းသူ" ဟုလည်း ထင်သည်။"မတတ်ပေမယ့် ကျွမ်းသူ"ဟုလည်းထင်သည်။၈ တန်းမျှသာ ပညာသင်ဖူးသော်လည်း ကျောင်းစာရေးကြီး၏ သားကြီးပီပီ ဖခင်ကြီး၏ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝကို စိုးသက်အောင်က တတ်ကျွမ်းနားလည်သည်။ဖခင်ကြီးသည် သီသီမာတာဝန်ကျရာ(အထက)ကျောင်းမှာ ကျောင်းစာရေးတာဝန် ထမ်းရွက်ပြီး ကျောင်းဝင်းတစ်နေရာမှာပဲ အိမ်ကလေးဆောက်၍ မိသားစုနဲ့အတူနေသည်။စိုးသက်အောင်က ၅တန်းမှ ၈တန်းအထိ မြန်မာစာ ဆရာမ သီသီမာ၏အရင်းးနှီးဆုံး တပည့်နှင့် အယုံကြည်ရဆုံး "လက်ကသုံးတောင်ဝှေး" ဖြစ်ခဲ့သည်။တနွယ်ငင် တစင်ပါကာ စိုးသက်အောင်၏ မိသားစုတစ်စုလုံး ဤတောမြို့ကလေး၌ ဆွေမျိုးညာတိတစ်ယောက်မှ မရှိသော သီသီမာအတွက် ခင်ရာဆွေမျိုးများဖြစ်လာကြသည်။
အသက်၅၂ နှစ်ထဲ ဝင်သောအခါ သီသီမာခမျာ(ဝိပါကဝဋ်ကြွေးကြောင့်လားမသိ)အဆုတ်နာရောဂါ၏ မတော်တဆကြုံကြိုက်သူ သားကောင်ဘဝ ရောက်ခဲ့ရ၏ ။ ကျန်းမာရေးအသိ၊ခေတ်မီဆေးဝါးနှင့် ငွေကြေးသုံးစွဲနိုင်မှုကြောင့်လည်း ဖြစ်မည်။၂နှစ်ကြာတော့ သီသီမာ နလန်ထူပြီး လူကောင်းဘဝ ရောက်ခဲ့ရ၏ ။သို့သော် အသက်မပြည့်မီ ကျောင်းဆရာမအလုပ်မှ အငြိမ်းစားယူလိုက်သည်။လေကောင်းလေသန့်ရပြီး တိတ်ဆိတ်အေးချမ်းသော ဤတောမြို့ကလေးမှာပဲ အခြေစိုက်မည်ဟု ဆုံးဖြတ်သည်။
ယခင်ခေတ်က မြို့နယ်ပညာရေးမှူးရုံးအဆောက်အအုံသည်လည်း ယခုတော့ ရပ်ဝေးမှာနေထိုင်ကြသော ဆရာမများအတွက် ဘော်ဒါဆောင် ဖြစ်လာသည်။အုတ်ခံ၊သွပ်မိုး၊ပျဉ်ထောင် အရုပ်ဆိုးဆိုး အဆောက်အအုံကြီးမှာ သီသီမာ နားခိုနိုင်ရန် ရေကန်အသင့်ကြာအသင့် အသုံးတော်ခံနေသည်။ရေမီးအပြည့်အစုံရှိပြီး လူနေရပ်ကွက်နှင့် ဝေးသဖြင့် သီးခြားဆန်ပြီး တိတ်ဆိတ်ငြိမ်းချမ်းသည်။လောလောဆယ် ဤအိမ်ကြီးမှာ သီသီမာကလွဲ၍ တည်းခိုနေထိုင်သူ နတ္ထိ။
ညဘက်ဆိုလျှင် စိုးသက်အောင်နှင့်သူအောက်ကညီမ ၁၀တန်းကျောင်းသူလေး တို့က သီသီမာနှင့် အဖော်လာအိပ်တတ်ကြသည်။
"သားကြီးရေ ....ကြီးရင်မှီ၊ငယ်ရင်ချီတဲ့ကွ။မင်းဆရာမက အမွေတွေရထားတာ မနည်းဘူးတဲ့။သူ့ပုံက နွမ်းနွမ်းပါးပါးပေမယ့် ဘဏ်မှာငွေတွေ အပ်ထားတာ သိန်းရာချီပြီး ရှိသတဲ့ကွ။အတွေးမလွဲနဲ့နော်.....သားကြီးးးးးးး......ဟားဟားဟားးးးးးးးးး"
တညမှာ အမောပြေ အပန်းပြေ ယမကာလေးထွေတေတေနှင့် ကျောင်းစာရေးကြီးက အတည်လိုလို အပြောင်လိုလို ပြောလာတော့ လန့်ဖျပ် တုန်လှုပ်သလို ခံစားလိုက်ရ၏ ။ဒေါသက ကပ်ပါလာသော်လည်း မွေးသဖခင် ကျေးဇူးရှင်ကြီး ဖြစ်နေ၍ စိတ်လျော့ချလိုက်သည်။
"တောက်တီးတောက်တဲ့တွေ မပြောပါနဲ့ အဖေရာ။ကျွန်တော်က ဆရာမကို အစ်မကြီးတစ်ယောက်လိုပဲ သဘောထားပါတယ် "ဟု စိုးသက်အောင်က ငြင်းပယ်သည်ကြားက............
"ဆရာမ သီသီမာက ပိန်သာပိန်သာ မိန်းမချောကွ၊မျိုးကောင်းရိုးကောင်းက ဆင်းသက်လာတာ။ရန်ကုန်မှာ သူ့သွေးချင်းသားချင်းတွေက မျက်နှာကြီးတွေချည်းပဲ။ဆရာမကလည်း မင်းအပေါ် ထူးထူးခြားခြားကြီး သံယောဇဉ်ဖြစ်နေတာကွ။အသက်အရွယ်ကွာခြားတာက ပြဿနာမဟုတ်ပါဘူးကွာ.....၊ကိုယ့်အပေါ် ကြင်နာတတ်ဖို့.....၊အလိုလိုက်"
"တော်ပါတော့ အဖေ၊အဖေ့စကားကြောင့် ကျွန်တော် မိုးကြိုးပစ်ခံနေရဦးမယ်"
"ဟီးဟီး....ငါက ရယ်စရာ ပြောတာပါကွာ။တကယ်တော့ ဆရာမ သီသီမာဟာ တစ်ကောက်ကြွက် အထီးကျန်မို့ သနားစရာပါ။ခုလဲကြည့် သူကတီဘီဖြစ်ဖူးတော့ ရောဂါပျောက်သွားတာတောင် လူတွေက သံသယနဲ့ ဆက်ဆံပြီး ဝေးဝေးက ရှောင်နိုင်သမျှ ရှောင်ကြတယ်။သူ့မှာ ရောဂါမစင်သေးရိုးမှန်ရင် သူနဲ့ ညဘက်သွားအိပ်နေကြတဲ့ မင်းတို့မောင်နှမကို ကူးပြီပေါ့။ဆရာမ သီသီမာက သနားစရာပါကွာ။ငါလည်း သူ့ကို နှမတစ်ယောက်လို သဘောထားတာပါကွ"
အဖေက အနှောင့်မလွတ် အသွား မလွတ်သော စကားကို လျောချ လိုက်ချိန်မှာ စိုးသက်အောင် ရင်တဒိန်းဒိန်းခုန်၍ ကျန်ရစ်သည်။မဖြစ်နိုင်တာဘဲ။လုံးဝမဖြစ်နိုင်တာပဲ။ဆရာမက ငါ့အမေအရွယ်လောက် ရှိနေတာ။မကြံကောင်း မစည်ရာကြီး။ဆရာမမှာ ပိုက်ဆံတွေ တောင်ပုံရာပုံ ရှိပစေဦး ငါက ကြံရမှာလား။
သား၏အမူအရာကို ကြည့်ရှုအကဲခတ်မိသော ကျောင်းစာရေးကြီးကလည်း နောက်နောင် ဒီလိုကျီစယ်ပြောင်ပျက်ဖို့ စိတ်မကူးဝံ့တော့ပါ။မောင်နှမလို၊အဒေါ်နဲ့တူလို ရိုးရိုးသားသားခင်မင်ကြ၊ဆက်ဆံကြတာပဲ လိပ်ပြာသန့်ပါလိမ့်မယ်။တကယ်ဆို ဆရာမသီသီမာကို ငါတို့က စောင့်ရှောက်နေကြရတာ မဟုတ်လား။
ကျောင်းစာရေးကြီး ကိုယ်တိုင်က သီသီမာ တကိုယ်တော် နေထိုင်ရာ အိမ်ကြီးဆီသို့ သုံးရက်တစ်ကြိမ်လောက် ရောက်လာတတ်ပြီး အကဲခတ် ကြည့်ရှုတတ်သည်။ဧကတစိတ်ခန့်ရှိသော ခြံဝင်းထဲမှာ မိုးဦးကျကတည်းက တောထ မင်းမူနေခဲ့သော ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းရန်လိုအပ်လိမ့်မည်။
"ဆရာမရေ မနက်ဖြန်ကျရင်တော့ ဆရာမရဲ့ခြံထဲက မဟာမြိုင်တောအုပ်ကြီးကို ရှင်းဖို့ စိုးသက်အောင်ကို လွှတ်လိုက်မယ်ခင်ဗျ"ဟု ကျောင်းစာရေးကြီးက ပြောလျှင် သီသီမာက အားတုန့်အားနာ မျက်နှာထားဖြင့်.......
"ကလေးက ကျောင်းအလုပ်တစ်ဖက်နဲ့ ပင်ပန်းပါတယ်။အလုပ်သမား ငှားလို့ရရင် ငှားပေးပါလား ဦးဘအောင်"
"ဘာလို့ ပိုက်ဆံအကုန်ခံမှာလဲ ဆရာမရဲ့။ဆရာမ တပည့်က ပေါက်တူးကိုင် ကျွမ်းပါတယ်ဗျ။တညနေလောက် ရှင်းလိုက်ရင် ဆရာမခြံထဲမှာ ပြောင်သွားမယ်။ဟဲဟဲ လုပ်အားခ ပေးချင်ရင်တော့ စိုးသက်အောင်ကို ပေးလိုက်ပေါ့ဗျာ။ဟဲဟဲ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ရတယ်လို့ ဆိုရတယ်မို့လား ဟဲဟဲ "
အရယ်အရွှန်းတွေ ပြောဆိုရတာ ဝါသနာပါသော ဦးဘအောင်နှင့် ဆုံရတိုင်း သီသီမာမှာ ရယ်မောရွှင်ပျဖို့ သတိရလာတတ်သည်။
စိုးသက်အောင်ကတော့ အဖေ့စရိုက်နဲ့ တခြားစီ။အရွှန်းအသော အပြောင်အပျက်စကားမျိုး ဆိုလေ့မရှိ။အပြုံးအရယ် နည်းသည်။သူ့မိခင်ဘက်က စရိုက်များလား ဟု သီသီမာ တွေးကြည့်ဖူးသည်။စိုးသက်အောင်၏မိခင်က ဟိန္ဒူကပြား၊အသားနက်ကြုတ်ကြုတ်နှင့် စကားမပြော တုဏှိဘာဝေသာ နေတတ်သည်။
"စိုးသက်အောင်ရေ... နားတော့ကွဲ့"
ဟု သီသီမာက လှမ်းပြောလိုက်သောအခါ ပေါက်တူးသည် ဖြည်းဖြည်းချင်း အောက်သို့ ကျသွား၏ ။သီသီမာဘက်သို့ သမင်လည်ပြန်ကြည့်ရင်း ချွေးရောင်နှင့်ဝင်းပြက်နေသည်။ပင်ပန်းမှုကို ချုပ်တည်းထားဟန် ပြနေသည်။သီသီမာကိုယ်တိုင် စိုးသက်အောင်လို မောပန်းနေသည့်အလားပင် ယောင်မှား ခံစားလိုက်ရသည်။
"မင်းအိမ်ပြန်ပြီး ရေမိုးချိုးရဦးမှာ မဟုတ်လား။မင်းပြန်လာမှာနဲ့ ထမင်းတွေ ဟင်းတွေ ကျက်နေမှာက အတော်ပဲ။ဆရာမ ဘဲဥကုလားဟင်း ချက်ထားတယ်။ပြီးရင် ကန်စွန်းရွက် ကြော်မယ်။ရခိုင်ငါးပိထောင်းလည်း ရှိတယ်။ဘယ့်နှယ့်လဲ ဆရာမစီစဉ်တဲ့ ဟင်းတွေ အဆင်ပြေတယ် မဟုတ်လား"
စိုးသက်အောင်က ပေါက်တူးကို ရမ်းရင်း သီသီမာ ရှိရာ ပြတင်းပေါက်ဘက်သို့ လျှောက်လာသည်။"ကျွန်တော့်တို့အိမ်က ထမင်းဟင်းထက်တော့ အပုံကြီး သာတယ် ဆရာမ"
စိုးသက်အောင်တို့ မိသားစုဝင်ငွေကို သိနေသော သီသီမာက ပင့်သက်ရှူလိုက်ရသည်။ကျောင်းစာရေးကြီး၏ အငြိမ်းစားလစာငွေ၊စိုးသက်အောင် ကြုံရာကျပန်းအလုပ်ကြမ်း လုပ်ရာမှ ရရှိသော ဝင်ငွေတို့ကို ပေါင်းလိုက်လျှင် သူတို့မိသားစုဝင်၆ယောက် နေ့ည ထမင်းနပ်မှန်ရုံသာ ရှိသည် မဟုတ်လား။
"ဆရာမ တစ်ခုစီစဉ်ထားသေးတယ်။စိုးသက်အောင် မင်းပြန်လာရင် မြို့ထဲက ခေါက်ဆွဲဆိုင်က ချိုချဉ်ကြော် တစ်ထုပ် ဝယ်လာခဲ့။ဆရာမ ပိုက်ဆံပေးလိုက်မယ်။ညနေ၆နာရီတိတိမှာ ဆရာမတို့ ညစာစားကြမယ်"
စိုးသက်အောင်၏မျက်နှာပေါ်တွင် တစုံတရာကို အားနာနေသလို အရိပ်အယောင်ပေါ်လာသည်။
"မြက်ရှင်းရတာ မင်းပင်ပန်းတော့ ဆရာမက မင်းခွန်အားတွေ ပြန်ပြည့်အောင် ထူးထူးခြားခြား ကျွေးချင်တယ်။မင်းကြက်ဥမွှေကြော် စားချင်တယ်ဆိုရင်လည်း ခေါက်ဆွဲဆိုင်ကပဲ ဝယ်လာခဲ့"
"ကျွန်တော် မစားချင်ပါဘူး ဆရာမ"
"မင်းမစားချင်လဲ ငါက ကျွေးချင်တယ် ဆိုရင်ကော"
စိုးသက်အောင် အဖြေရခက်သွားပုံ  ပေါ်သည်။မျက်လွှာချပြီး ခေါင်းကိုသာ ငုံ့လိုက်သည်။
"မင်းညီမလေးကိုလည်း ဆရာမက ကျွေးချင်ပါတယ်။မင်းပြန်လာရင် သူ့ကိုပါ စက်ဘီးပေါ်တင်ပြီး ခေါ်ခဲ့ကွဲ့"
"ချိုသန့်က ကျုရှင်တက်ရဦးမှာ ဆရာမ။အရင်လိုပဲ ည၇နာရီထိုးမှ အဖေက ဒီကိုလိုက်ပို့မှာ"
"ဒါဆိုလည်း ဒင်နာပါတီကို တို့နှစ်ယောက်ပဲ ဆင်နွှဲရတော့မှာပေါ့ကွာ"
အငြိမ်းစားယူပြီး ဤအိမ်မှာ စတင်နေထိုင်ကတည်းက သီသီမာသည် များသောအားဖြင့် တကိုယ်တော် ချက်ပြုတ်စားသောက်ခဲ့ရသည်က များသည်။တခါတရံ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမတချို့ ရောက်လာပြီး ချက်ပြုတ်စားသောက် တတ်ကြ၏ ။စိုးသက်အောင်တို့မောင်နှမက ညစဉ်လာအိပ်ကြသည့်တိုင် သီသီမာဆီမှာ ညစာစားခဲကြသည်။သီသီမာ ဖျော်တိုက်သော ကော်ဖီကိုပင် စိုးသက်အောင်တို့က ညတိုင်း မသောက်ကြ”ပေးတိုင်းမယူ ကျွေးတိုင်းမစား” သော လူမှုကျင့်ဝတ်ကို စောင့်ထိန်းတတ်သော မောင်နှမဟူ၍ပင် သီသီမာ ကျိတ်၍ ချီးကျူးရပါသေးသည်။
စိုးသက်အောင် စက်ဘီးနှင့် ပြန်ထွက်သွားချိန်မှာ ညနေ၅နာရီကျော်ပြီ။စိုးသက်အောင်တို့ နေအိမ်က သီသီမာ၏အိမ်မှ ၁မိုင်ကျော်ကျော် ဝေးသည်။စိုးသက်အောင် အိမ်ပြန်ရေချိုးမှာ ခေါက်ဆွဲဆိုင် ဝင်ပြီး ဝယ်မှာခြမ်းမှာဆိုရင် မိမိထံသို့ ၆နာရီကျော်မှပဲ ပြန်ရောက်မည်ဟု သီသီမာ တွက်မိသည်။
အထီးကျန်ဘဝမှာ တခါတရံ ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်နှင့် ထမင်းလက်ဆုံစားရခြင်းကို သီသီမာ ကြည်ကြည်နူးနူး ခံစားရပါသည်။စိုးသက်အောင်လို တပည့်အလိမ္မာ၊တပည့်ချစ်ကလေးနှင့် ထမင်းလက်ဆုံစားရသည့် အတွေ့အကြုံလေးတော့ တဒင်္ဂဘဝချမ်းသာ။
ညစာစားပြီးကြလျှင် ကော်ဖီဝိုင်းဖွဲ့၍ နှစ်ယောက်သား ရောက်တတ်ရာရာ စကားစမြည် ပြောကြဦးမည်။ည၇နာရီလောက်မှ ရောက်လာတတ်မြဲ စိုးသက်အောင်၏ညီမလေး ချိုချိုသန့်ကတော့ စကားဝိုင်းမှာ မပါ။အိမ်စာတွေ လုပ်ရင်း ည၉နာရီထိုးလျှင် ရုပ်မြင်သံကြား ကြည့်ပြီး ၁၀နာရီလောက်မှာ အိပ်ရာဝင်သည်။သီသီမာတို့က ရုပ်မြင်သံကြား ကြည့်လေ့မရှိ။စကားပြောရင်းနှင့် ၁၀နာရီ၊၁၁နာရီ ထိုးသွားတတ်သည်။နံနက်၆နာရီထိုးလျှင်တော့ စိုးသက်အောင်က လက်သမားအလုပ်(သို့မဟုတ်)ပန်းရန်အလုပ်ရှိရာသို့ စက်ဘီးဖြင့် ထွက်သွားတတ်သည်။သီသီမာက အရင်အနှီးစိုက်ထုတ်ပေးပြီး စိုးသက်အောင်တို့မိသားစုကို ကုန်စုံဆိုင် တစ်ဆိုင် တည်ပေးလိုသည်။သို့သော် စိုးသက်အောင်၏ဖခင်ကြီးက သူတပါး၏အကူအညီကို မယူလို။ကိုယ့်ခြေထောက်ပေါ်ပဲ ရပ်လိုသည်ဟု ရင်ဖွင့်ပြောကြားဖူးသည်။
"ကျုပ်တို့က ဆင်းရဲပေမယ့် သူများဆီက အကူအညီကို မယူချင်ကြဘူးဗျာ။ကိုယ်ကပဲ သူများကို ကူညီချင်ပါတယ်"ဟု အငြိမ်းစား ကျောင်းစာရေးကြီးက ရိုးရိုးသားသားပဲ ပြောရှာသည်။ယခုလည်း ဝင်ငွေလေး မလောက်မငနဲ့ပင် စိုးသက်အောင်တို့ မိသားစုသည် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းသာ နေထိုင်လျက် ရှိကြသည်။ဒီညတော့ မိမိအကူအညီကို စိုးသက်အောင် လက်ခံအောင် တွန်းတွန်းတိုက်တိုက် ပြောဦးမည်ဟု သီသီမာ ဆုံးဖြတ်သည်။
သီသီမာသည် မီးဖိုခန်းထဲသို့ ကသုတ်ကရက် ဝင်လာသည်။ပူပူနွေးနွေးစားရန် ရည်ရွယ်ပြီး ကြိုတင်ပြီး ကြော်မထားခဲ့သော ကန်စွန်းရွက်ကြော်ဖို့ စီစဉ်ရဦးမည်။ကန်စွန်းရွက် ကြော်ဖို့ ပြင်ဆင်နေစဉ် ဒီကနေ့ တနေ့လုံး မိမိစိတ်လှုပ်ရှားတာတွေ သွက်လက်မြန်ဆန်ခဲ့ပုံကို သတိရဆင်ခြင်မိသည်။ငယ်မူငယ်သွေးတွေ ပြန်လည်နိုးကြားလာခြင်းပါကလား။ဒါပေမယ့် တီဘီနှိပ်စက်သွားကတည်းကနေ စိုပြေနေသော အသွင်အပြင် ပြန်မရနိုင်သေးသော ခြောက်ကပ်ကပ် ပိန်ပါးပါး ခန္ဓာကိုယ်ကိုတော့ အားမရနိုင်။
ကန်စွန်းရွက် ကြော်ရင်း မေ့ပျောက်သူ ကျော်စွာမြင့်ကို ဖျတ်ကနဲ သတိရသည်။သင်္ဘောဖြင့် ကမ္ဘာတစ်ပတ်ပတ်၍ ငွေရှာပြီး ပြန်ရောက်လာလျှင် လက်ထပ်မည်ဟု ကတိပြုထားခဲ့သော ချစ်ဦးသူ ကျော်စွာမြင့် ကြမ္မာဆိုးက သူ့ကတိသစ္စာကို ပြက်ရယ်ပြုလိုက်သည်။ပစိဖိတ်သမုဒ္ဒရာ တနေရာတွင် ကျော်စွာမြင့် တာဝန်ထမ်းဆောင်ရင်း သမုဒ္ဒရာရေပြင်အောက် သချိုင်္င်းရှိရာသို့ ထိုးဆင်းသွားသည်။
အားလုံးကြေကွဲခဲ့ကြ၏ ။သီသီမာမှာ ကြေကွဲဖို့ရာ ခွန်အားတမှုန်တစ်စ မကျန်တော့လောက်အောင်ပင် အရုပ်ကြိုးပြတ် ဖြစ်သွားရှာသည်။နေရာဟောင်း ရန်ကုန်တွင် ကျော်စွာမြင့်ကို သတိရစရာတွေ များလှ၏ ။ထို့ကြောင့် ရန်ကုန်နှင့် ဝေးလှမ်းရာ တောမြို့ကလေးသို့ တရားဝင် ပြောင်းရွှေ့လာခဲ့၏ ။ဘာလိုလိုနှင့် ဤတောမြို့ကလေးမှာ အခြေချခဲ့သည်ကပင် ၁၀နှစ်နီးပါး ရှိခဲ့ပြီ။
သီသီမာ တွေ့စက ၁၀နှစ်သားအရွယ် ၅တန်းကျောင်းသားကလေး စိုးသက်အောင်ပင် ယခုတော့ အသက်၂၀အရွယ် လူပျိုကြီးဖားဖား ဖြစ်နေခဲ့ပြီ။ကျော်စွာမြင့်နေရာမှာ အစားထိုးစရာ ရရှိလာခြင်းလားတော့ မသိ။
အနည်းဆုံးတော့ မိမိ၏မေတ္တာစေတနာကို စိုးသက်အောင် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာအောင် ယခုည ဖွင့်ဟဖော်ထုတ်ရလိမ့်မည်။မင်းအပေါ်မှာ ဆရာမရဲ့မေတ္တာတရားက အနှိုင်းအဆမဲ့ပါကွယ်။
"ရုတ်တရက် ဆရာမသေသွားရင်လေ ဘဏ်ကပိုက်ဆံတွေ စိုးသက်အောင် ထုတ်ယူနိုင်ဖို့၊အမွေဆက်ခံနိုင်ဖို့ပေါ့ကွယ်။မကြာခင် ဆရာမ စီစဉ်ခဲ့မယ်ကွဲ့"
သီသီမာက မိမိဘာသာ ကြားရုံကလေး လေသံဖြင့် တကိုယ်ရည် ရေရွတ်ရင်း ပီတိဖြစ်နေပြန်သည်။
ကန်စွန်းရွက် ကြော်ပြီးချိန်မှာ ညနေ၆နာရီထိုးပြီဖြစ်ကြောင်း အိမ်ရှိ လျှပ်စစ်မီးပွင့်တွေက လင်းဖြာလာကြပြီး အချက်ပြသည်။ဒီတောမြို့ကလေးမှာက လျှပ်စစ်မီးကို ညနေ၆နာရီမှာ ဖွင့်ပေးတတ်ပြီး မနက်၆နာရီမှာ ဖြတ်လိုက်သည်။လျှပ်စစ်မီးအလင်းထဲမှာ ချိုချဉ်ကြော်ထုပ် လက်ဆွဲ၍ ဝင်လာမည့် စိုးသက်အောင်ကို မြင်ယောင်ရင်း သီသီမာ ရင်တလှပ်လှပ် ခုန်မိသည်။ဒီကနေ့ညနေ စိတ်နှလုံး မြူးကြွလှုပ်ခတ်ရခြင်းကို မိမိကိုယ်တိုင် နားလည်၍မရ။
"ဘဏ်ကရမယ့် ဆရာမပိုက်ဆံတွေက မင်းရဲ့ဘဝကို အကောင်းဆုံး ပြောင်းလဲပေးနိုင်မှာပါ စိုးသက်အောင် "
တိုးတိုးကလေး ရေရွတ်ရင်း ကြည်နူးတက်ကြွစိတ်က ရင်ထဲမှာ ပြည့်လျှမ်းသွားပြန်သည်။
ကိုယ့်စိတ်သည် တစ်မိနစ်ပြည့်အောင်ပင် မတည်တံ့နိုင်ခဲ့။မြင်လိုက်ရသော မြင်ကွင်းက သီသီမာ့အာရုံအလုံးစုံကို ကပြောင်းကပြန် ဖြစ်သွားစေသည်။
အိမ်ရှေ့သို့ စိုးသက်အောင်စက်ဘီး ရုတ်တရက် ထိုးဆိုက်လာသည်။စက်ဘီးပေါ်ကနေ စိုးသက်အောင်က ဒယီးဒယိုင် ကမန်းကတန်း ခုန်ဆင်းရင်း စက်ဘီးကို ဘေးသို့ ဝုန်းကနဲ တွန်းလဲချလိုက်၏ ။ဘုရား...ဘုရား...။
စိုးသက်အောင်သည် ဆံပင်စုတ်ဖွား၊မျက်လုံးကြီးတွေ ပြူးလျက် အိမ်သို့ ကသောကမျော ပြေးဝင်လာသည်။သူ့ရှပ်အင်္ကျီအဖြူမှာ စွန်းပေနေသော သွေးတွေက မီးရောင်အောက်မှာ စိုလက်တောက်ပနေကြသည်။
သီသီမာ ကြောင်အနေသည်။
"ဆရာမ....ဆရာမဂုဏ်သိက္ခာအတွက် ကျွန်တော် လူသတ်လာခဲ့ပြီ။နှစ်ယောက်တောင် သတ်လာတာ..."
"အို....အမလေးးးးး"
လူချင်းကပ်မိသွားပြီး သီသီမာကပဲ စ၍ စိုးသက်အောင်ကို ကျုံးပွေ့ဖက်ညှစ်ထားလိုက်မိ၏ ။
"ရပ်ကွက်ထဲက ကလေကချေနှစ်ကောင်ပေါ့။ဒီကောင်တွေ ကျွန်တော့်ကိုကော ဆရာမကိုပါ စော်ကားနေခဲ့ကြတာ ကြာပြီ။ဒီနေ့တော့ ကျွန်တော် သည်းမခံတော့ဘူး။ခေါက်ဆွဲဆိုင်ထဲမှာ ဒီကောင်တွေ မူးမူးနဲ့ဝိုင်းစကြတော့ ကျွန်တော်ဘာလုပ်မိမှန်း မသိတော့ဘူး။တစ်ယောက်ကို ပုလင်းနဲ့ခေါင်းရိုက်ခွဲလိုက်တယ်။နောက်တစ်ယောက်ကိုတော့ ပုလင်းကွဲနဲ့ ဗိုက်ကို ထိုးထည့်လိုက်တယ်။
"အမလေး.... ဘုရား....ဘုရား......မင်းကို ဘယ်လိုစလို့ပါလိမ့်ကွယ်။ဟင် ဘယ်လို စကြလို့တုန်း"
သီသီမာက ရှိသမျှအားဖြင့် စိုးသက်အောင်ကို လှုပ်ခါနေစဉ် စိုးသက်အောင် အင်္ကျီမှသွေးတွေက သီသီမာရင်အုံဆီသို့ ကူးဆက်စိမ့်ဝင်လာကြသည်။
"ပြောစမ်း....မင်းကို ဘယ်လိုစလို့တုန်း....ဟင်...."
"ဆရာမရဲ့လင် ဆရာမရဲ့လင်နဲ့ စကြတာဗျ"
ထိုအချိန်မှပဲ ခြံဝသို့ သူတို့၏မော်တော်ဆိုင်ကယ်တွေ ရောက်လာကြသည်။သူတို့ထဲမှ တစ်ယောက်၏ခါးပတ်မှာ ချိတ်ထားသော နစ်ကယ်စိမ်သံမဏိ လက်ထိပ်ကွင်းတွေက မီးရောင်ထဲမှာ ဖွေးဖွေးလက်လို့။
ကြူးနှစ်
ရတုမြေ ရသစုံမဂ္ဂဇင်း နိုဝင်ဘာ၊၂၀၁၄

No comments:

Post a Comment